မင်္ဂလာပါ။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုထဲက မက်မုံတာ (၂) ကျေးရွာမှာ လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိပဲ သတ္တုသန့်စင်စက်ရုံဆောက်လုပ်နေကြောင်း တိုင်ကြားလာတဲ့အတွက် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့က သွားရောက် စစ်ဆေးခဲ့ကြပါတယ်။
အဲ့ဒီနေရာမှာ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေကြောင်း တိုင်းကြားမှုများအရ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးတဲ့အခါမှာ တွေ့ရှိရတဲ့အတွက်ကြောင့် ဆက်လက်မလုပ်ဆောင်ဖို့ တားမြစ်ခဲ့သလို အရေးယူမှုတွ လုပ်ဆောင်ဖို့လည်း စီစဉ်နေတယ်လို့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။
လက်ရှိလုပ်ဆောင်နေတဲ့နေရာဟာ လယ်ယာမြေကို ခွင့်ပြုချက်မဲ့ မြေဖို့ဆောင်ရွက်နေတာဖြစ်တဲ့အပြင် မောတွီချောင်းအနီးမှာရှိနေတဲ့အတွက် စွန့်ပစ်ရေဆိုးတွေဟာ ချောင်းအတွင်းစီးဝင်နိုင်တယ်လို့လည်းဆိုပါတယ်။
**************
မင်္ဂလာပါ။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းမှာ ၀က်သားစားသုံးမှုတွေ ကျဆင်းလာတဲ့အတွက် သားသတ်လိုင်စင်ထုတ်ယူဖို့ လုပ်ငန်းရှင်တွေနဲ့ စည်ပင်သာယာရေးဌာနတို့ ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်က စည်ပင်သာယာရေးရုံးမှာ တွေ့ဆုံညှိနှိုင်းခဲ့ကြပါတယ်။
ဈေးကွက်ထဲမှာရောင်းချနေတဲ့ဝက်သားတွေက ကျန်းမာသန့်ရှင်းတဲ့ဝက်သားတွေဖြစ်တယ်ဆိုတာ စားသုံးသူပြည်သူတွေသိရှိဖို့ ဌာနဆိုင်ရာတွေအနေနဲ့ ပူးပေါင်းပြီးအသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့လိုတယ်လို့ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက ပြောပါတယ်။
ဈေးကွက်အတွင်းမှာ ၀က်သားတွေပြတ်လပ်မှုမရှိစေဖို့အတွက် လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်သလို လက်ရှိသားသတ်လုပ်ငန်းတွေကနေ အခွန်လျောကျမှုက ကျပ်သိန်း (၃၀၀၀) လောက်လျောကျနိုင်တယ်လို့ ဦးစိုင်းခွန်ဇော်ဦးက ပြောပါတယ်။
တာချီလိတ်မြို့နယ်အတွင်း ၀က်သားသတ်လုပ်ငန်း (၁၀) ခုကို လုပ်ငန်းရှင် (၃၃) ဦးကလုပ်ကိုင်နေရာက ယခုနှစ်မှာတော့ လုပ်ငန်းရှင် (၃၀) ဦးကသာ လုပ်ကိုင်ဖို့ ဆွေးနွေးထားတယ်လို့ သိရပါတယ်။