ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)က (၂)လကျော်အတွင်း ဓါတ်ခွဲနမူနာ (၁၀,၀၀၀)တိတိ စစ်ဆေးခဲ့ရာ အတည်ပြုလူနာ (၁၂၅)ဦး တွေ့ရှိခဲ့
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)က (၂)လကျော်အတွင်း Covid-19 ဓါတ်ခွဲနမူနာ(၁၀,၀၀၀)တိတိကို စစ်ဆေးခဲ့ရာ အတည်ပြုလူနာ (၁၂၅)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)သို့ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များ အပါအဝင် ကယားပြည်နယ်တို့မှ ပေးပို့လာသည့် ဓါတ်ခွဲနမူနာများကို ၂၀၂၀ခုနှစ် စက်တင်ဘာလ (၁၀)ရက်နေ့က စ၍ နိုဝင်ဘာလ (၂၀)ရက်နေ့အထိ စစ်ဆေးခဲ့ရာ ဓါတ်ခွဲနမူနာ (၁၀,၀၀၀)တိတိရှိပြီဖြစ်ပြီး ယင်းအရေအတွက်ထဲက အတည်ပြုလူနာ(၁၂၅)ဦး စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Covid-19 ပိုးတွေ့ရှိရသည့် (၁၂၅)ဦးသည် ရှမ်းပြည်နယ်(တောင်ပိုင်း)တစ်ခုတည်းက မဟုတ်ဘဲ ရှမ်းပြည်နယ်တစ်ခုလုံးအပါအဝင် ကယားယာပြည်နယ် နှင့် မန္တလေးက အတည်ပြုလူနာများလည်း ပါဝင်ကြောင်းနှင့် ပိုးတွေ့လူနာများကို ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းထဲက အများဆုံးတွေ့ရှိရကြောင်း သိရသည်။
တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွင် Covid-19 ဓါတ်ခွဲနမူနာများနှင့် ပတ်သက်၍ စစ်ဆေးနိုင်ခြင်း မရှိချိန်က ရှမ်းပြည်နယ်အတွင်းမှ ဓါတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပို့ဆောင် စစ်ဆေးခဲ့ရခြင်းဖြစ်သည်။