မြန်မာ - ထိုင်းနယ်စပ်တွင် UWSA က ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား (၃.၅)သန်းကျော် နှင့် လက်နက်ခဲယမ်း အပါအဝင် တရားခံကို တပ်မတော်သို့ လွှဲပြောင်း

မြန်မာ - ထိုင်းနယ်စပ်တွင် UWSA က ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား (၃.၅)သန်းကျော် နှင့် လက်နက်ခဲယမ်း အပါအဝင် တရားခံကို တပ်မတော်သို့ လွှဲပြောင်း
မေ 20, 2020
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်တွင် UWSA က ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား (၃.၅)သန်းကျော် နှင့် လက်နက်ခဲယမ်း အပါအဝင် တရားခံကို တပ်မတော်သို့ လွှဲပြောင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြန်မာ- ထိုင်းနိုင်ငံနယ်စပ်တွင် UWSA တပ်ဖွဲ့က မြန်မာ - ထိုင်းနယ်စပ်အကြားတွင် ပစ်ခတ်ဖမ်းဆီးရမိသည့်  စိတ်ကြွရူးသွပ်ဆေးပြား (၃.၅)သန်းကျော်နှင့် တရားခံတစ်ဦး၊ လက်နက်ခဲယမ်းများကို ၂၀၂၀ ခုနှစ်၊ မေလ (၂၀)ရက်နေ့ နံနက် (၉)နာရီက  မိုင်းတုံမြို့နယ် "ဝ"အထူးဒေသ(၂)၊ ဟွေအောကျေးရွာတွင် တပ်မတော်သို့ လွှဲပြောင်းပေးသည်။

UWSA နယ်မြေအတွင်း မြန်မာ- ထိုင်းနိုင်ငံနယ်စပ်၊ လွယ်ထွေးတောင်ကြား၌ မေလ (၁၄) ရက်နေ့ ည(၉)နာရီခန့်က "ဝ"အထူးဒေသ(၂) စစ်ဒေသ(၁၇၁) မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့၊ တပ်မဟာ (၇၇၂)တပ်ဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့က နယ်မြေအတွင်း မူးယစ်သတင်းအရစောင့်ဆိုင်းနေစဉ် လူ(၆၀)ဦးခန့်ပါသည့် မူးယစ်ဆေးသယ်သူများဟု မသင်္ကာဖွယ်အဖွဲ့ကို တွေ့ရသဖြင့် စစ်ဆေးမေးမြန်းရန် ရပ်တန့်ခိုင်းစဉ် စတင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် မူးယစ်ဆေးသယ်သည့်အဖွဲ့မှ အသေ (၁)ဦးနှင့် အရှင် (၁)ဦးဖမ်းမိပြီး ကျန်လူများထွက်ပြေးသွားသဖြင့် ပစ်ခတ်မှုဖြစ်ပွားရာဝန်းကျင်တွင် ရှာဖွေရာ  999 စာတမ်းပါ WY စိတ်ကြွရူးသွပ်ဆေးပြား (၃,၅၁၀,၀၀၀) ပြား၊ အမ်(၂၂)ကျည်အိမ်တစ်ခုနှင့် ကျည်(၅)တောင့်တို့ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဖမ်းမိထားသည့် မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးသယ်သူတို့အား လွှဲပြောင်း သည့် အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) မိုင်းတုံမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်သိုက် နှင့် တာဝန်ရှိသူများ၊ UWSA ဘက်မှ စစ်ဒေသ(၁၇၁)၏ နယ်မြေ(၂) စစ်ဦးစီးမှူး ရန်ကွေ့ကျုံးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး UWSA ၏ စစ်ဒေသ(၁၇၁) တပ်မဟာ(၇၇၈)မှ တပ်မဟာမှူး ဆမ်ပလုံးက လွှဲပြောင်းပေးအပ်ရာ  အမှတ်(၆၅)ခြေလျင်တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးအောင်သူရ
က လွှဲပြောင်းလက်ခံသည်။

မူးယစ်ဆေးဝါးဖမ်းဆီးမှုနှင့် ပတ်သက်၍ UWSA ၏ စစ်ဒေသ(၁၇၁) တပ်မဟာ(၇၇၈)မှ တပ်မဟာမှူး ဆမ်ပလုံးက ရှင်းလင်းပြောကြားရာတွင် လွယ်ထွေးတောင်ကြားရှိ  မြန်မာ - ထိုင်းနယ်စပ်မှနေ၍ မူးယစ်မောင်ခိုအဖွဲ့ ဖြတ်သန်းမည်ဟု သတင်းရရှိသည့်အတွက်  "ဝ"အထူးဒေသ(၂) စစ်ဒေသ(၁၇၁) မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့မှ တပ်ရင်းတပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိမှု မတိုင်မီ (၄)ရက်ခန့်ကတည်းက ပိတ်ဆို့စောင့်ဆိုင်းရာမှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းနှင့် အပြန်အလှန်ပစ်ခတ်မှုအပြီး နောက်တစ်ရက်တွင် ပစ်ခတ်မှုဖြစ်ပွားရာဝန်းကျင်ကို ရှာဖွေမှုပြုလုပ်ရာမှ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးသယ်သူ (၁)ဦးကို ဖမ်းမိခြင်းဖြစ်သည်ဟု ရှင်းလင်းပြောကြားသည်။

 ယခုလို လွှဲပြောင်းပေးအပ်ခြင်းသည် (၁၃)ကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - သန်းဇော်(မိုင်းဆတ်)
ဓါတ်ပုံ - UWSA




~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~