ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်သို့ ပြန်လာလိုသည့် မြန်မာနိုင်ငံသားများ ဆက်သွယ်စာရင်းပေးနိုင်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်သို့ ပြန်လာလိုသည့် မြန်မာနိုင်ငံသားများ ဆက်သွယ်စာရင်းပေးနိုင်
မေ 21, 2020
By Tachileik News Agency
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်သို့ ပြန်လာလိုသည့် မြန်မာနိုင်ငံသားများ ဆက်သွယ်စာရင်းပေးနိုင်

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် ရောက်ရှိနေပြီး မြန်မာနေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားစာရင်းကို နှစ်နိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိသူများထံ  တင်ပြနိုင်ရန်အတွက်  တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံသို့ ဆက်သွယ်စာရင်းပေးကြရန် နှိုးဆော်ထားသည်။

ကိုယ့်အစီအစဉ်နဲ့ကိုယ် မယ်ဆိုင်ကို  ရောက်လာကြသူတွေ ရှိတယ်။  မယ်ဆိုင်ကနေ ပြန်ချင်သူတွေလည်း ရှိနေတယ်။ သူတို့တွေထဲက နာမည်စာရင်းကို သံရုံးတွေဘာတွေ မပို့ရသေးဘူးဆိုရင် သူတို့တွေ  ဖြတ်သန်းရ ခက်ခဲမယ်။ အဲဒီတော့ သူတို့တွေ ကျွန်တော်တို့ဆီကို စာရင်းပေးရင် ကျွန်တော်တို့က သံအရာရှိဆီကို ပို့ပေးမယ်ပေါ့နော်။ ပို့ပေးပြီးတော့  သူတို့တွေ ဒီဘက်ကနေ မြန်မြန်ပို့လို့ရအောင် စီစဉ်နိုင်အောင်လို့ပါ။  ကျွန်တော် ဒီကနေ ကောက်လို့ရတဲ့စာရင်းကို သံအရာရှိကိုပေးပြီး သူတို့ဆီ အမည်စာရင်း တင်ထားပြီးသားတွေနဲ့ပေါင်းပြီး ပြန်ပို့လို့ရအောင်လို့ပါ

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ မေလ (၂၁)ရက်နေ့တွင် ပြောသည်။

မယ်ဆိုင်မြို့မှ နေရပ်ပြန်ရန် စာရင်းမပေးသွင်းရသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းဖုန်း 089-637-6367 နှင့်  090-053-2430 တို့သို့ ဆက်သွယ်နိုင်ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား စာရင်းကောက်ခံရယူပြီးနောက် မြန်မာ - ထိုင်းနယ်စပ် ဝင်ပေါက် ထွက်ပေါက်များဖြစ်သည့် မဲဆောက် - မြဝတီ၊ ကော့သောင်း - ရနောင်း နှင့် မယ်ဆိုင်-တာချီလိတ် နယ်စပ်ပေါက်များမှ ပြန်လည်ပို့ဆောင်ပေးနေရာ မယ်ဆိုင် - တာချီလိတ် နယ်စပ်ပေါက်မှ တဆင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လာလိုသူများအနေဖြင့် ဖော်ပြဖုန်းများသို့ ဆက်သွယ်အကူအညီ တောင်းခံကာ စာရင်းပေး နိုင်မည်ဖြစ်သည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မြန်မာအလုပ်သမားသံအရာရှိရုံးတွင် လည်းကောင်း၊ မြောက်ပိုင်း ပြည်နယ် (၉)ခုတွင် အခြားအကြောင်းဖြင့် ရောက်နေသည့် နေရပ်ပြန်လိုသူများက ချင်းမိုင်ကောင်စစ်ဝန်ရုံးတွင်လည်းကောင်း စာရင်းပေးသွင်းကြရမည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်ရောဂါတိုက်ဖျက်ကာကွယ်ရေး စီမံခန့်ခွဲမှုဗဟိုဌာန Center for COVID-19 Situation Administration(CCSA)က အရေးပေါ်အခြေအနေ ကြေငြာခြင်း၊ ညမထွက်ရအမိန့်နှင့်  ပြည်နယ်ဖြတ်ကျော် ခရီးသွားလာခြင်းတို့အား မေလ (၃၁)ရက်နေ့အထိ သက်တမ်း တိုးထားသည့်အတွက် နေရပ်ပြန်မြန်မာများ နယ်စပ်ဂိတ်များမှတစ်ဆင့် ဖြတ်သန်း သွားလာနိုင်ရေးအတွက် မြန်မာအစိုးရ တာဝန်ရှိသူများက ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းစီစဉ်ပေးနေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့်  shorturl.at/ruAC3  တွင် စာရင်းပေးနိုင်မည်ဖြစ်ပြီး အခြားအကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ်(၉)ခုမှ မြန်မာများအနေဖြင့် https://mcgchiangmai.org/covid19-relief-program.html တို့သို့ စာရင်းပေးသွင်းရမည်ဖြစ်သည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~