တာချီလိတ်မြို့နယ်အတွင်း ကျေးရွာသားတစ်ဦး အသတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်သည့် တပ်ဖွဲ့ဝင်များကို RCSS က စစ်ဆေးမှုများ လုပ်ဆောင်နေ

တာချီလိတ်မြို့နယ်အတွင်း ကျေးရွာသားတစ်ဦး အသတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်သည့် တပ်ဖွဲ့ဝင်များကို RCSS က စစ်ဆေးမှုများ လုပ်ဆောင်နေ
ဧပြီ 29, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း ကျေးရွာသားတစ်ဦး အသတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်သည့် တပ်ဖွဲ့ဝင်များကို RCSS က စစ်ဆေးမှုများ လုပ်ဆောင်နေ

မြန်မာ ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ချစ်ထူကျေးရွာမှ ကျေးရွာသားတစ်ဦး အသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ တပ်ဖွဲ့ဝင်များကို  စစ်ဆေးနေဆဲဖြစ်သည်ဟု RCSS/SSA၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးအုမ်ခေးက ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့၌ ပြောသည်။

ချစ်ထူကျေးရွာမှ ရွာသား (၂)ဦးကို ဧပြီလ (၂၇) ရက်နေ့ နေ့လယ်ပိုင်းက သစ်ခွဲသားများ လုပ်နေသဖြင့် RCSS ယူနီဖေါင်းဝတ်အဖွဲ့က ဖမ်းဆီးစစ်ဆေးရာမှ တစ်ဦးအသတ်ခံရပြီး ဘတ်ငွေ (၆၀,၀၀၀) ပေးခဲ့ရသည်ဟု ချစ်ထူရွာသားများက ပြောဆိုထားပြီး RCSS တပ်ဖွဲ့ဝင်များက အထက်အရာရှိထံ တင်ပြရာတွင် ရွာသားများ သစ်ခိုးထုတ်သဖြင့် တားဆီးစဉ် သေနတ်လုသဖြင့် ပြန်လည်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ပါရှိပြီး ငွေကြေးတောင်းခံမှု ကိစ္စ မပါဝင်ကြောင်း  RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးအုမ်ခေးထံမှ သိရသည်။

အဲဒီငွေကြေးကိစ္စကတော့ မကြားသေးဘူးနော်။  အခုကတော့ ဌာနချုပ်ကို လှမ်းပြီးတင်ပြပြီးတော့  ပြန်ပြီးတော့ ညှိနှိုင်းဆွေးနွေးနေတုန်းပဲဆိုတာပဲ ကြားသိရတယ်။ ဘယ်လို ဘယ်လိုဆိုတာ စစ်ဆေးမေးမြန်းဖို့ပေါ့နော်။ ကျိုင်းတုံဆက်ဆံရေးရုံးရော၊ သက်ဆိုင်တဲ့ တိုင်းရုံးက စရဖတွေရော  မေးမြန်းတွေ့ဆုံတာတွေလည်း ရှိတယ်။ ပြန်လည် စစ်ဆေးပြီး အထက်ဌာနချုပ်ကို တင်ပြတဲ့အချက်အလက်တွေလည်း ရှိနေတုန်း  ပြန်လည် စစ်ဆေးတုန်း အခုချိန်ထိကတော့ ဘာမှမကြားသိရသေးဘူး

ဟု RCSS/SSA ၏ ပြောရေး ဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးအုမ်ခေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ချစ်ထူကျေးရွာနှင့် (၅)မိုင်ကျော်အကွာရှိ တောင်ကုန်းဘက်တွင် ချစ်ထူကျေးရွာမှ တောင်ယာစိုက်ခင်းများ လုပ်ကိုင်ကြသည့်နေရာ၌ ဧပြီလ (၂၇)ရက်နေ့ နေ့လယ် (၁၂)နာရီဝန်းကျင်က RCSS ယူနီဖောင်းဝတ်တပ်ဖွဲ့ရောက်လာကာ နောင်တွင် မစိုက်ပျိုးရန်ပြောပြီး  တောင်ယာတဲတွင် သစ်ခွဲသားများတွေ့ရသဖြင့် ချစ်ထူကျေးရွာသား (၂)ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး တစ်ဦးကို ကျေးရွာပြန်၍ ငွေကြေးတောင်းစေခဲ့ခြင်းဖြစ်သည်ဟု  ဖမ်းဆီးခံရသူက ဆိုသည်။

အဲဒီကွင်းမှာ RCSS အဖွဲ့အနေနဲ့ တပ်မဟာတစ်ခုရှိတယ်။ အဲဒီတော့ ဒီတောင်ကုန်းမှာ RCSS အဖွဲ့က အမြဲတမ်း သွားလာလှုပ်ရှားနေတဲ့ နေရာဖြစ်တယ်ပေါ့နော်။ မကြာခဏ ပုံမှန်လှုပ်ရှားတဲ့ နေရာဖြစ်တယ်ပေါ့နော်။ (၂၅) ရက်နေ့တုန်းက လွယ်တော်ခမ်း မယ်အောဆိုတဲ့ရွာမှာ ရောက်ရှိသွားပြီးတော့ အဲဒီရွာကပဲ ထမင်းဟင်းတွေ စားသောက်တယ်။ နောက်လှုပ်ရှားရင်းနဲ့ (၂၇)ရက်နေ့မှာကျတော့ အဲဒီ တောင်ကုန်းပေါ် ရောက်သွားတယ်ပေါ့။ ရောက်သွားတဲ့အခါကျတော့ ရွာသားတွေ သွားတွေ့ရတယ်။ သွားတွေ့ရတော့ သူတို့ သစ်တွေ ထုတ်နေကြတယ်။ ချိန်းဆော (၃)ခုလည်း တွေ့ရှိရတယ်။ ဖြတ်ထားပြီးသားသစ်တွေလည်း တွေ့ရှိခဲ့တယ်။ အဲဒီ အခါကျတော့ တပ်ဖွဲ့ကနေ သူတို့ကို ခေါ်ပြီးမေးမြန်း စစ်ဆေးတဲ့အခါ စစ်ဆေးနေရင်း တစ်ယောက်က ရဲဘော်ကို သေနတ်ဝင်လုလိုက်တယ်။ ဝင်လုတဲ့အခါကျတော့ ရဲဘော်က ပစ်လိုက်တော့ နည်းနည်းပါးပါး ထိသွားတယ်။ ထိသွားတဲ့အခါကျတော့ ထွက်ပြေးတယ်။ ထွက်ပြေးတဲ့အခါကျတော့ နောက်က တစ်ချက်လိုက်ပစ်တယ်ပေါ့နော်။ အဲဒီအခါကျတော့ ကျန်တဲ့တစ်ယောက်ကို လွှတ်ပေးလိုက်ပြီးတော့ ရွာသူကြီးတွေ ခေါ်ပြောပေး။ ငါတို့ ဒီလိုကောင်းကောင်းမွန်မွန် မေးမြန်းတာ မခံချင်ဘဲနဲ့ သေနတ်ဝင်လုတယ်ဆိုတာက ဘာတပ်ဖွဲ့ ဘယ် အဖွဲ့မှန်းမသိဘဲ မလုပ်ရဘူးလို့ ပြောတယ်။ ပြန်လွှတ်လိုက်တဲ့လူက ရွာသူကြီးကို ခေါ်လာပြီး ပြန်ရှင်းပြပေးတယ်လို့ ကြားတယ်။ ရှင်းပြတော့ ရွာသူကြီးကလည်း နားလည်သဘောပေါက်တယ်လို့ ပြောတယ်
ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးအုမ်ခေးက ပြောသည်။

ဖမ်းဆီးခံရသူက ဘတ်ငွေ (၆)သောင်း ပေးခဲ့ရကြောင်းနှင့် တစ်ဦးမှာ ဖမ်းဆီးထားစဉ်  ချုပ်နှောင်သည်ကို လက်မခံဘဲ ပြန်လည်မေးမြန်းခြင်းများကြောင့် ပစ်သတ်ခံရပြီး ကျန်တစ်ဦးကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ပြန်လည်လွတ်မြောက်လာသူက ဆိုသည်။

ချစ်ထူကျေးရွာသား (၄၀)ဝန်းကျင်ခန့် တောင်ယာလာရောက် စိုက်ပျိုးနေသည့် တောင်ကုန်းနေရာသည် RCSS တပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာရာလမ်းကြောင်းနယ်မြေဖြစ်သော်လည်း စိုက်ပျိုးလုပ်ကိုင်ခြင်းများအား တားမြစ်ခြင်း မရှိခဲ့ကြောင်းနှင့် နောင်တွင်လည်း တားမြစ်မည်မဟုတ်ကြောင်း RCSS မှ တာဝန်ရှိသူထံမှ သိရသည်။

“ တပ်ဖွဲ့ကနေပြီးတော့ ဟန့်တားမှုတွေ မရှိပါဘူး။ ရှိလည်း မရှိသင့်ပါဘူး။ ရွာသားတွေ စိုက်ပျိုးလုပ်စားနေတာတွေကို တပ်ဖွဲ့အနေနဲ့လည်း တားလည်း မတားသင့်သလို တားလည်း မတားမြစ်ပါဘူး”ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးအုမ်ခေးက ဧပြီလ (၂၉)ရက်နေ့၌ ပြောသည်။

ချစ်ထူကျေးရွာသားများ လက်ရှိ တောင်ယာစိုက်ပျိုးသည့်နေရာတွင် ယခင်ကတည်းက RCSS လှုပ်ရှားသွားလာရာ လမ်းကြောင်းဖြစ်၍ သွားရောက် စိုက်ပျိုးကြလေ့ မရှိသော်လည်း စိုက်ပျိုးမြေရှားပါးလာသဖြင့် အဆိုပါ နေရာတွင် သွားရောက်လုပ်ကိုင်လာကြခြင်းဖြစ်ပြီး ယခင်က တားမြစ်မှုများ မကြုံခဲ့ဖူးကြောင်း သိရသည်။

ချစ်ထူကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ချစ်ထူကျေးရွာသူကြီး၊ စရဖ၊ ကျိုင်းတုံဆက်ဆံရေးရုံးများသို့လည်း RCSS က အသိပေးအကြောင်းကြားထားပြီးဖြစ်သည်ဟု သိရသည်။

အသတ်ခံရသည့် ချစ်ထူကျေးရွာသား၏ အလောင်းတွင် ညာဘက်နောက်ကျောမှ ဘယ်ဘက်ရင်ဘတ် ဖေါက်ဝင် သေနတ်ဒဏ်ရာတွေ့ရပြီး အလောင်းကို တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့စစ်ကာ အသတ်ခံရမှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၁၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် ဧပြီလ(၂၈)ရက်နေ့က အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

RCSS/SSA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်။

ပုံအညွန်း - တာချီလိတ်နာရေးမှုကူညီရေးအသင်းက သေဆုံးသူ၏ အလောင်းအား ချစ်ထူကျေးရွာမှ တဆင့် တာချီလိတ်ဆေးရုံသို့ သယ်ဆောင်စဉ်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~