တာချီလိတ်မြို့နယ် ရေပူစမ်းကျေးရွာတွင် (၂၂) ကြိမ်မြောက် လားဟူရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပ

တာချီလိတ်မြို့နယ် ရေပူစမ်းကျေးရွာတွင် (၂၂) ကြိမ်မြောက် လားဟူရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပ
ဇန်နဝါရီ 3, 2020
By 🌸

တာချီလိတ်မြို့နယ် ရေပူစမ်းကျေးရွာတွင် (၂၂) ကြိမ်မြောက် လားဟူရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ရေပူစမ်းစံပြကျေးရွာ (၂၂) ကြိမ်မြောက် လားဟူရိုးရာ နှစ်သစ်ကူးပွဲတော်ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့တွင် ကျင်းပသည်။

"ကျွန်တော်တို့ရွာမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိတဲ့ ဘိုးဘွားအစဉ်အလာ မပျောက်ပျက်အောင် လူငယ်တွေကို လက်ဆင့်ကမ်းနိုင်အောင် ကျင်းပလာတာ (၂၂) ကြိမ်မြောက် ဖြစ်တယ်။ ဒါက ကျွန်တော်တို့ ရွာအနေနဲ့ လုပ်တာ။ အနယ်နယ်နဲ့ပေါင်းပြီးလုပ်တာက ဒီနှစ် တာချီလိတ် ကျမယ်။ တစ်နှစ်ကို ဘယ်နေရာကျမလဲ ဥပမာ မိုင်းဆတ်ကျမယ်၊ တာလေကျမယ်၊ မိုင်းကိုးကျမယ်။ အဲဒီလို နည်လှည့်သွားတာပေါ့"

ဟု ရေပူစမ်းကျေးရွာ လားဟူရိုးရာပွဲဖြစ်မြောက်ရေးကော်မတီမှ ဦးစိုင်းနော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရေပူစမ်းကျေးရွာတွင်ကျင်းပသည့် လားဟူ တိုင်းရင်းသားရိုးရာနှစ်သစ်ကူး ပွဲတော်အခမ်းအနားကို တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ် ခင်လှိုင်၊ စစ်ဗျူဟာ(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သော်ဇင်ဦး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများကို လားဟူတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေကြပြီး  ရိုးရာဓလေ့ဖြစ်သည့် လက်ဆေးခြင်းမင်္ဂလာပြုလုပ်ပေးခြင်းနှင့် ရိုးရာအစားအစာများဖြင့် ဧည့်ခံကြသည်။

နှစ်သစ်ကူးပွဲတော် တက်ရောက်လာသည့် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ် ခင်လှိုင်က ပွဲတော်ဖြစ်မြောက်ရေးရန်ပုံငွေကျပ်(၅)သိန်းကို လှူဒါန်းရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးဝီလ်ဆင်မိုးက လက်ခံရယူသည်။

ရေပူစမ်းစံပြကျေးရွာတွင် လားဟူတိုင်းရင်းသားများ အများစုနေထိုင်ကြပြီး အိမ်ထောင်စု (၂၂၈) စု၊ လူဦးရေ (၁၀၄၂) ဦးရှိသည့် တောင်ပေါ်ဒေသဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ ဖွံ့ဖြိုးမှုနည်းပါးသည့်ဒေသဖြစ်ရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တာချီလိတ်ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သည့်အဖွဲ့က ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့တွင် ဒေသခံလူထုအား သွားရောက်တွေ့ဆုံထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~