တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁)တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေ၍ အိမ်စီးကားများ တံတား(၂)က ဖြတ်သန်းခွင့်ရရှိရေး လိုလားနေ
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင် ယာဉ်ကြောကျပ်တည်းမှုနှင့် အချိန်ကြန့်ကြာမှုမှာ ထူးခြားလာမှု မရှိသည့်အတွက် အမှတ်(၂)တံတားတွင် အိမ်စီးကားများဖြတ်သန်းခွင့်ပြုရေးကို ဒေသခံများက လိုလားနေကြသည်။
ယင်းသို့ ယာဉ်ကြော ကြပ်တည်းမှုများဖြစ်ပေါ်သည့်အခါ စနစ်တကျဖြစ်စေရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် တံတားပေါ် တာဝန်ကျ လ၀က နှင့် အကောက်ခွန်တို့မှ ရှင်းလင်းမှုများ ဆောင်ရွက်ပေးသော်လည်း တံတားပေါ်တွင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်သည့် သုံးဘီးဆိုင်ကယ်များမှ စည်းကမ်းမဲ့စွာ ကျော်တက်နေကြကြောင်း သိရသည်။
"မယ်ဆိုင်ဘက်သွားမယ်ဆိုရင် ပုန်းထွန်ဘက်ကနေ တန်းစီနေရတယ်၊ ဒါကတော့ လူများတဲ့အချိန်ပေါ့။ ပုန်းထွန်ဘက်ကနေ စနစ်တကျ နဲ့ တန်းစီစောင့်ပြီး တရွေ့ရွေ့ကားမောင်းလာရတာ တံတားပေါ်ရောက်ပြန်တော့လည်း ပစ္စည်းသယ်တဲ့ သုံးဘီးဆိုင်ကယ်တွေနဲ့ အချို့ကားတွေက စည်းကမ်းမဲ့ကျော်တက်သွားကြပြန်ရော။ အဲ့တော့ အိမ်စီးကားတွေကို တံတား(၂)ကနေ ပေးသွားရင် ပိုအဆင်ပြေနိုင်ပြီး လိုရာခရီး အမြန်ရောက်နိုင်တယ်။ အခုချိန် မပြောင်းလဲရင် ဒီအတိုင်းပဲ ဖြစ်နေမှာ"
ဟု တာချီလိတ်မှ အိမ်စီးကားဖြင့် မယ်ဆိုင်သို့ သွားရောက်သူ မချိုမာခိုင်က ပြောသည်။
ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည့်အတွက် ထိုင်းဘက်တာဝန်ရှိသူများက တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေးများတွင် (၃)ကြိမ်တိတိ ဦးဆောင် ဆွေးနွေးတင်ပြခဲ့ပြီးနောက် မြန်မာဘက်က ၂၀၁၉ခုနှစ် သြဂုတ်လ(၁၉)ရက်နေ့တွင် ကျောင်းကြို/ပို့ယာဉ်များနှင့် လူနာတင်ယာဉ်များကိုသာ ချစ်ကြည်ရေးအမှတ်(၂)တံတားကနေ ဖြတ်သန်းခွင့် ပြုလိုက်သော်လည်း ယာဉ်ကြောကျပ်တည်းမှုမှာ ယခင်အတိုင်းသာ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
"ကျောင်းကြို/ပို့ ကားတွေကို တံတား(၂)ကနေ ပေးသွားလိုက်တာ တံတား(၁)မှာ သိပ်မသိသာဘူး ဘာလို့လည်းဆိုတော့ အချို့ကျောင်းကားတွေက နီးတယ်ဆိုပြီး တံတား(၁)ကနေ သွားနေကြတာ။ တကယ်ဆို အိမ်စီးကားတွေကို တံတား(၂)ကနေ ပေးသွားရင်ပိုကောင်းမယ်၊ သုံးဘီးဆိုင်ကယ်တွေက ရှမ်းပြည်နယ်အစိုးရအတွက် (၃)ရာခိုင်နှုန်း ကောက်ခံနေတာဆိုတော့ သူတို့ကို တံတား(၁)မှာ ထားပြီး အိမ်စီးကားတွေကိုတော့ တံတား(၂)ကနေ ဖြတ်သန်းသွားလာခွင့်ပြုဖို့ တောင်းဆိုချင်ပါတယ်"
ဟု တာချီလိတ်မှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင် တာချီလိတ်မှ သွားရောက်သည့် မော်တော်ကား အရေအတွက်မှာ အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကမှ မော်တော်ကားများသည် အနည်းငယ်သာရှိကြောင်း သိရသည်။
တာချီလိတ်တွင် ချစ်ကြည်ရေးတံတားအဖြစ် တံတား(၂)စင်းရှိရာတွင် ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်တွင် အိမ်သုံးကားများ၊ သုံးဘီးဆိုင်ကယ်များ၊ ဆိုင်ကယ်များနှင့် တစ်ပိုင်တစ်နိုင်ဟု သတ်မှတ်သည့် မှန်လုံပစ္စည်းသယ်ယာဉ်များနှင့် ကျောင်းကြို/ပိုကားများ နှင့် လူနာတင်ယာဉ်များ အပါအဝင် လမ်းလျှောက်သွားလာသူများကို ဖြတ်သန်းခွင့် ပြုပေးထားပြီး ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် ကုန်စည်စီးဆင်းမှုအတွက်သာ အဓိက ဖြတ်သန်းခွင့်ပေးထားသော်လည်း ၂၀၁၉ခုနှစ် သြဂုတ်လ(၁၉)ရက်နေ့ကစ၍ ကျောင်းကြို/ပိုကားများ နှင့် လူနာတင်ယာဉ်များကို ဖြတ်သန်းခွင့်ပြုပေးထားခြင်း ဖြစ်သော်လည်း အချို့သော ကျောင်းကြို/ပို့ယာဉ်များမှာ တံတား(၁)ကတဆင့် ဖြတ်သန်းနေသည်များလည်း ရှိသည်။
Tachileik News Agency