ထိုင်း -မြန်မာ အမှတ်(၁)တံတားအား ညပိုင်း ၈း၃၀ နာရီအချိန်ထိ တိုးမြှင့်ဖွင့်လှစ်လိုက်ပြီ

ထိုင်း -မြန်မာ အမှတ်(၁)တံတားအား ညပိုင်း ၈း၃၀ နာရီအချိန်ထိ တိုးမြှင့်ဖွင့်လှစ်လိုက်ပြီ
ဇန်နဝါရီ 1, 2015 | ရှမ်းရှေ့
By Tachileik News Agency

မြန်မာ - ထိုင်း နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့ရှိ အမှတ်(၁) ချစ်ကြည်ရေးတံတား၏ ညပိုင်းတိုးမြှင့် ဖွင့်လှစ်သည့် အစီအစဉ်အား ယနေ့ ဇန်နဝါရီလ(၁)ရက်နေ့ ညနေ(၆)နာရီအချိန်မှစ၍ ည(၈း၃၀)နာရီ အချိန်ထိ အကောင်အထည်ဖော်လိုက်ရာ ပထမဦးဆုံးနေ့တွင် တာချီလိတ်မှ မယ်ဆိုင်သို့ သွားရောက်သူ လူဦးရေ (၂၀)ခန့်ရှိကြောင်း အမှတ်(၁)တံတားတွင် တာဝန်ကျသူများထံမှ သိရသည်။

ညပိုင်း တံတားဖွင့်ချိန်တွင် ဖြတ်သန်းသွားလာခွင့်ပြုထားသည့် ယာဉ်များနှင့် ပတ်သက်၍ "ညပိုင်း တံတားဖွင့်ချိန်မှာ လုံခြုံရေးအရ ပစ္စည်းသယ်ယာဉ်များဖြစ်တဲ့ မှန်လုံကား၊ သုံးဘီးဆိုင်ကယ် နဲ့ ပစ်ကပ်ကားတွေ ကုန်ပစ္စည်းသယ်ယာဉ်တွေကို သွားခွင့်မပေးဘူး၊ ပစ္စည်းတွေကိုလည်း လက်တစ်ဆွဲပဲ ခွင့်ပြုပေးထားပါတယ်၊ ဥပမာ ရေခဲသေတ္တာတွေ၊ ကြီးကြီးမားမား ပစ္စည်းတွေ သယ်လာတယ်ဆိုရင် ချက်ချင်းပဲ ပစ္စည်းကိုရော၊ ယာဉ်ကိုရော လူကိုရော နောက်ပြန် လှည့်ခိုင်းမယ်၊ ထိုင်းဘက် လဝက ကိုလည်း ပြောထားပြီးပြီ၊ ညပိုင်းတော့ အိမ်သုံးကားတွေ၊ ဆိုင်ကယ်တွေကိုဘဲ ခွင့်ပြုပေးထားပါတယ်.."ဟု တာချီလိတ်ခရိုင်လဝက ဒု-ညွှန်ကြားရေးမှူး ဦးကျော်စွာလွင်မှ အသိပေးပြောကြားသည်။

အချိန်တိုးမြှင့် ဖွင့်လှစ်ပြီးနောက် ညပိုင်း ဖွင့်လှစ်ချိန်များတွင် သွားရောက်လိုသူများ အနေဖြင့် နေ့ပိုင်း တံတားဖွင့်ချိန်ဖြစ်သည့် နံနက်(၆)နာရီမှ ည(၆)နာရီတွင်းသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ပြုလုပ်ပေးခြင်း နှင့် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်(BP) ထုတ်ပေးခြင်းများကို ပြုလုပ်ပေးမှာဖြစ်ပြီး ညပိုင်း ဖွင့်လှစ်ချိန်မှာတော့ ပြုလုပ်ပေးမှာ မဟုတ်ကြောင်းလည်း သိရသည်။

 

"ညပိုင်းက ဒီနေ့မှစဖွင့်တာဆိုတော့ သိတဲ့လူလည်း နည်းနေသေးသလို၊ တစ်ချို့ကလည်း တံတားကူးလက်မှတ်ကို နေ့ပိုင်းမှာ ကြိုတင်လုပ်ထားတာမဟုတ်ဘဲ သွားခါနီးမှ လာပြီးတံတားပေါ်မှာ လုပ်ပေးတယ်ထင်ပြီးတော့ မှတ်ပုံတင် မိတ္တူလေးတွေနဲ့ လာကြတဲ့အခါမှ မရကြောင်းပြောလိုက်မှဘဲ ပြန်လှည့်သွားတာတွေလည်းရှိတယ်.."ဟု အမှတ်(၁)တံတားတွင် တာဝန်ကျနေသူ လဝက တစ်ဦးကလည်း  တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

"ဒီနေ့က အစပိုင်းဆိုတော့ သိသေးတဲ့လူနည်းနေသေးတဲ့ သဘောဘဲ၊ တစ်ယောက်စ နှစ်ယောက်စ သွားလာတာတွေဘဲရှိသေးတယ်"ဟု ဆက်လက်ပြောပြသည်။

 

အမှတ်(၁) ချစ်ကြည်ရေးတံတားအား နေ့ပိုင်းအဖြစ် မြန်မာစံတော်ချိန် နံနက်(၆)နာရီမှ ညနေ(၆)နာရီ အချိန်ထိ ပုံမှန်ဖွင့်လှစ်ထားရှိရာမှ ၂၀၁၅ခုနှစ်၏ အစဖြစ်သော ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ နံနက် (၆)နာရီမှ ည(၈း၃၀)နာရီအချိန်ထိ တိုးမြှင့်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

သတင်း ။  ။ ကိုဇောင်း