မိုင်းရယ်- လားရှိုးလမ်းမှ နမ့်တုံးတံတားကို ဘေလီသံဘောင်တံတား အစားထိုးပေးထား၍
ယာဉ်ငယ်များ ဖြတ်သန်းနိုင်ပြီ
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ နမ္မတုံးကျေးရွာအနီး မိုင်းရယ် -လားရှိုး ကားလမ်းပေါ်တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့ နေ့လယ်ပိုင်းက ပြိုကျသွားသည့်တံတားနေရာတွင် ဘေလီသံဘောင်တံတား တည်ဆောက်ပြီးဖြစ်၍ ဒီဇင်ဘာလ (၁၅)ရက်နေ့မှစ၍ ယာဉ်ငယ်များ ဖြတ်သန်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
လားရှိုး - တန့်ယန်း - မိုင်းရယ်ကားလမ်းမှ နမ္မတုံးတံတားမှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့ နေ့လယ်ပိုင်းတွင် တံတားတစ်ခြမ်းပြိုကျသွား၍ အိမ်စီးကားငယ်တစ်စီး ကျွံကျသွားပြီး မော်တော်ယာဉ်ပေါ်မှ လူ (၂) ဦး ဒဏ်ရာရသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တံတားအား လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၆)က တံတားအစားထိုး ဘေလီသံဘောင်တံတားကို ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ရာ ဒီဇင်ဘာလ (၁၅)ရက်နေ့ နံနက်(၈)နာရီခွဲမှစ၍ ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း မိုင်းရယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန၏ သတင်းအရ သိရသည်။
အဆိုပါ လမ်းပိုင်းသည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းကို ဆက်သွယ်ထားသည့် လားရှိုး - မယ်ဟန် - မိုင်းရယ် - ကျေးသီးလမ်းမှဖြစ်ပြီး အဆိုပါလမ်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မော်တော်ယာဉ် အစီးရေ (၂၅၀)ဝန်းကျင်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် မော်တော်ယာဉ် (၅၅)စီးခန့် နေ့စဉ်ဖြတ်သန်းသွားလာနေခြင်း ဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ - မိုင်းရယ် ပြန်/ဆက် ၊ Kyaw Min Tun
ဆက်စပ်သတင်း