*************
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ကရင်နီသမိုင်းနှင့် ဗိုလ်ချုပ်ကြေးရုပ်ပြုလုပ်မည်ကို ကန့်ကွက်သည့် စာများဖြန့်ဝေခဲ့သောကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသူ(၄)ဦးကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့က လေးကြိမ်မြောက် ရုံးချိန်းတွင် အာမခံပေးလိုက်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒီးမော့ဆိုမြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅ (ခ)ဖြင့် လူငယ် (၇) ဦးအနက် ထောင်ချုပ်ဖြင့် တရားရင်ဆိုင်နေသည့် (၄)ဦးအတွက် ရှေ့နေများက အာမခံတင်သဖြင့် ယနေ့ရုံးချိန်းတွင် အာမခံပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူကိစ္စနှင့်ပတ်သက်၍ ဘောလခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ် တရားရုံးများတွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် လူငယ်များမှာ အာမခံမရသေးကြောင်း သိရသည်။
“အာမခံမရသေးတဲ့ မြို့နယ်တွေကို ရအောင်ဆက်လုပ်မယ်။ သူတို့ပယ်ရင် ကျွန်မတို့က သူ့ထက်မြင့်တဲ့ ခရိုင်တရားရုံးကို တက်နိုင်တယ်။ ပြည်နယ်လွှတ်တော်ကိုတက်မယ် "ဟု အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း အတွင်းရေးမှူး ဒေါ်ခင်မိုးမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပြည်နယ်တွင်း ဗိုလ်ချုပ်ရုပ်တုစိုက်ထူမှုအား ကန့်ကွက်ခြင်းနှင့် ကရင်နီသမိုင်းစာများ ဖြန့်ဝေခြင်းတို့နှင့် ပတ်သက်၍ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆု ၊ ဘောလခဲနှင့် ဖားဆောင်းမြို့နယ်တို့တွင် လူငယ် (၂၃)ဦးကို ပုဒ်မ ၅၀၅(ခ) နှင့် ငြိမ်းစုစီပုဒ်မတို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း