ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ဝက်သေဆုံးမှု ဖြစ်ခြင်းမှာ ဝက်အားနည်းရောဂါကြောင့်ဟုဆို

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ဝက်သေဆုံးမှု ဖြစ်ခြင်းမှာ ဝက်အားနည်းရောဂါကြောင့်ဟုဆို
ဇူလိုင် 7, 2020
By Tachileik News Agency
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ဝက်သေဆုံးမှု ဖြစ်ခြင်းမှာ ဝက်အားနည်းရောဂါကြောင့်ဟုဆို

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဝက်သေဆုံးရသည့် ရောဂါမှာ လူကို ကူးစက်ခြင်းမရှိသည့် ဝက်အားနည်းရောဂါကြောင့်ဖြစ်ကြောင်း သိရပြီး ဝက်သေအသားများကို မစားဘဲ (၆)ပေအနက်တွင် တူး၍မြုပ်ခြင်းဖြင့် ရောဂါဆက်လက်မကူးအောင် ထိန်းနိုင်ကြောင်း သိရသည်။

အခုဖြစ်နေတဲ့ ဒီ (PCV Type-2) ကလူကို မကူးစက်နိုင်ပါဘူး။ ဝက်ဝက်ချင်းပဲ ကူးစက်တယ်။ လေးထဲကနေအများကြီးသွား မပြန့်နိုင်ဘူး။ အဓိက ရောဂါဖြန့်တဲ့ဖြစ်စဉ်ကို လေ့လာလိုက်တော့ အသားပဲဗျ။ သေသွားပြီးရောဂါရှိမှန်း မသိလို့ နေမကောင်းလို့ ပေါ်လိုက်ပြီးတော့ ရွာတွေမှာလည်း သူတို့ အချင်းချင်းပေါ့။ အဲဒီကနေပေးလိုက်တဲ့ဟာကနေ လက်ဆောင်ပေးလိုက်တာပဲဖြစ်ဖြစ်ပေါ့။ အဲဒီကနေဖြစ်ဖို့များပါတယ်။ ကျွန်တော်တို့ ခုကတော့ ထိန်းချုပ်နိုင်ပါပြီ။ အဓိက ကတော့ အသိပညာပါပဲ။ သေတယ်ဆိုချောင်းတွေ၊ မြစ်တွေမှာ မမျှောနဲ့။ မရောင်းချနဲ့။ မစားနဲ့ မြေနက်နက်လေးတူးပြီးမြုပ်လိုက်ရင်တော့ ကူးစက်မှုကိုထိန်းချုပ်နိုင်မယ်။ ကျွန်တော်တို့ဌာနကို အချိန်မရွေးဆက်သွယ်ပါ။ ကျွန်တော်တို့ အဆင့်ဆင့်လာပြီးတော့ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပံ့ပိုးမှုတွေပေးမှာပါလို့ မွေးမြူရေးတောင်သူများကို မက်ဆေ့လေးပေးချင်ပါတယ် 

ဟု ကယားပြည်နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းအေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒီးမော့ဆိုမြို့နယ်၊ ဒေါငံရောက်ကျေးရွာတွင် ဇွန်လမှစ၍ ဝက်သေဆုံးမှု ဖြစ်ပွားခြင်းများကြောင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမြို့နယ်မှူးများက ကွင်းဆင်းစစ်ဆေးခြင်းများ လုပ်ဆောင်ကာ ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာ ပေးခြင်း ၊ သေဆုံးသောဝက်များအား (၆)ပေအနက်ကျင်းတူး၍မြုပ်ရန် ၊ ဝက်ခြံများတွင် ပိုးသတ်ဆေးဖြန်းပေးခြင်း ၊ထုံးဖြူးခြင်း များ လုပ်ဆောင် ပေးထားပြီး လက်လှမ်းမှီသည့် နေရာဒေသများထိ ကာကွယ်ဆေးထိုးခြင်းများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

ဝက်သေဆုံးမှုများကြောင့် ဈေးများတွင် ဝက်သားဝယ်ယူမှုများ နည်းသွားပြီး ရောင်းအားကျနေသော်လည်း ဝက်သားရောင်းချခြင်းအား ပိတ်ပင်ထားခြင်းမရှိဘဲ နေ့စဉ်ကျန်းမာရေးနှင့်ညီညွှတ်သော အသားများရောင်းချရန် ၊ အသားကျန်များနှင့် ဝက်နာသားများ ရောင်းချခြင်းမရှိစေရန် နေ့စဉ် မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနနှင့်ပူးပေါင်း၍  စစ်ဆေးလုပ်ဆောင်နေကြောင်း လွိုင်ကော်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးသန်းထွန်းကပြောသည်။

လက်ရှိအခြေအနေတွင် ဒေါငံရောက်ကျေးရွာနှင့် အနီးနားကျေးရွာများ၌ ဝက်သေဆုံးမှု အကောင်ရေ (၆၀)ကျော်ဖြစ်ပွားခဲ့ပြီးနောက် ရောဂါကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~