တာချီလိတ်၊ ဇူလိုင်(၁)
ဇူလိုင်လ (၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် တာချီလိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူး၍ မြန်မာ့ရိုးရာဝတ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲနှင့် ပဒေသာက ပွဲကို ဇွန်လ (၃၀)ရက် ညက တာချီလိတ်မြို့ မကာဟိုခမ်း ရပ်ကွက်ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ဗမာတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ ၊မြို့နယ်သဘင်ပညာရှင်များ အစည်းအရုံး(သဘင်)အဖွဲ့မှ ဦးမင်းမင်းထွန်း ခေါင်းဆောင်သော အနုပညာရှင်များက စကားဝါမြေ နတ်ချင်း တေးသီချင်းဖြင့် အဖွင့်ဖျော်ဖြေ တင်ဆက်ပြီး ၀တ်စားဆင်ယင်ထုံးဖွဲ့မှု ပြိုင်ပွဲ၏ အကဲဖြတ် အမှတ်ပေး စည်းမျဉ်းများကို ဒိုင်ချုပ် ဖြစ်သူ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း က ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲအား အခြေခံပညာအထက်တန်းကျောင်းများ၊ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာအုပ်စုများ နှင့် အဖွဲ့အစည်းများမှာ လာရောက် အားပေးကြပြီး ကိုယ်စားပြု အမျိုးသမီးငယ် (၂၃)ဦးတို့က အသီးသီး ပါဝင်ယှဉ်ပြိုင်ရာ တာချီလိတ်ပညာရေး ဖောင်ဒေးရှင်း ကိုယ်စားပြု မဇာဇာလင်း က ပထမဆု ကို လည်းကောင်း၊ မိုင်းဖုန်း(ခ)ကျေးရွာ အုပ်စုကိုယ်စားပြု မဇူးပြည့်စုံ က ဒုတိယဆု ကို လည်းကောင်း၊ တာလော့ ရပ်ကွက် ကိုယ်စားပြု မဇင်လဲ့ရည်နွေး က တတိယဆုကို လည်းကောင်း အသီးသီး ဆုများရရှိသည်။
ယင်းနောက် ဆုရရှိသူများအား တာချီလိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့် နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆု ၊ ဂုဏ်ပြုလက်ဆောင်များအား ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
သတင်း။ ။ ဝေယံလင်း
ဓာတ်ပုံ။ ။ ဇောင်းညီ