တာချီလိတ်မြို့တွင် လစဉ် လပြည့်၊ လကွယ်နေ့တိုင်း ရဟန်း၊ သံဃာ အပါး (၇၀၀)ကျော်တို့ကို စုပေါင်း ဆွမ်းလောင်းလှူသည့် အလင်းရောင်ပရဟိတအသင်းမှ ပဉ္စမအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် (၁၀၇)ကြိမ်မြောက်စုပေါင်းဘုံ ဆွမ်းလောင်းလှူပွဲကို ၂၀၁၆ခုနှစ် ဇူလိုင်လ(၁၉)ရက် နံနက်(၆း၃၀)နာရီအချိန်တွင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းထဲရှိ အလင်းရောင် ပရဟိတအသင်း၏ ဆွမ်းလောင်းမဏ္ဍပ်၌ စုပေါင်းကျင်းပမှာ ဖြစ်ကြောင်း သိရသည်။
"စုပေါင်း ၀ါဆိုသင်္ကန်းကပ်လှူဒါန်းတဲ့ အခါမှာ အားလုံးအဆင်ပြေစေရန်အတွက် သင်္ကန်းတွေကို ပြည်မထဲကနေမှာယူပြီး အသင်းကနေ တစ်စုံကို ဘတ်(၃၀၀)နဲ့ ဇူလိုင်လ(၁၈)ရက်နေ့အထိ ရောင်းချပေးနေပါတယ်၊ အဲ့ဒီနေ့မှာ လူကိုယ်တိုင် မလာရောက်နိုင်ရင်လည်း သင်္ကန်းကို ကြိုတင် လာလှူထားလို့ရသလို၊ လူကိုယ်တိုင်လည်း လာရောက်လှူဒါန်းလို့ရပါတယ်၊ ဘယ်က သင်္ကန်းဝယ်လာ ၀ယ်လာ စုပေါင်းပြီး လာရောက် ကပ်လှူနိုင်ပါတယ်.."ဟု အလင်းရောင် ပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ဇူလိုင်(၁၉)ရက်နေ့တွင် ပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် (၁၀၇)ကြိမ်မြောက်စုပေါင်းဘုံ ဆွမ်းလောင်းလှူပွဲသို့ မြို့လုံးကျွတ် သာမဏေ၊ သံဃာ နှင့် သီလရှင် အပါး (၁၀၀၀)ကျော် ကြွရောက်တော်မူမှာ ဖြစ်ကြောင်းနှင့် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်ရာတွင်လည်း ရှမ်းရိုးမကွင်းထဲရှိ အလင်းရောင်ပရဟိတအသင်း ဆွမ်းလောင်းမဏ္ဍပ်တွင် သင်္ကန်း တစ်စုံလျှင် (၃၀၀)ဘတ်နှုန်းဖြင့် ၀ယ်ယူရရှိနိုင်မှာဖြစ်သည့်အပြင်၊ အပြင်မှ လာရောက်၍ လှူဒါန်းလိုသူများ အနေဖြင့်လည်း လာရောက် လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။