မႏၱေလး၊ ဇြန္လ(၂၂) ရက္
ဧည့္လမ္းညႊန္သင္တန္းမ်ား ဖြင့္လွစ္ၿပီးေနာက္ ၂၀၁၆ ခုႏွစ္တြင္ မႏၱေလးၿမိဳ႕တြင္ လိုင္စင္ရ ဧည့္လမ္းညႊန္ဦးေရ (၂၀၀)အထိ တိုးလာေၾကာင္း သိရသည္။
“ဧည့္လမ္းညႊန္ နယ္လိုင္စင္သင္တန္းေတြ ဖြင့္ေပးတာ အရမ္းေကာင္းပါတယ္။ ဘြဲ႕ရၿပီးအလုပ္မရွိတဲ့ သူေတြ အလုပ္အကိုင္ အခြင့္အလမ္းေတြ မ်ားလာတယ္။ ႀကိဳးစားခ်င္စိတ္ေတြလည္း ျဖစ္လာတာေပါ့။ ဟိုအရင္ကလုိ ဧည့္လမ္းညႊန္ မလံုေလာက္တာေတြလည္း နည္းလာတယ္။ လက္ရွိမွာေတာ့ အရင္ကထက္ စာရင္ ဧည့္လမ္းညႊန္လုပ္တဲ့သူ မ်ားလာပါတယ္။ အဂၤလိပ္စကားေျပာ ဧည့္လမ္းညႊန္ကေတာ့ အမ်ားဆံုးပဲ။”ဟု မႏၱေလးမွ ဧည့္လမ္းညႊန္တစ္ဦးျဖစ္သူ ကိုေသာင္းႏိုင္ဦးက ဆိုသည္။
၂၀၁၂ ခုႏွစ္မွစတင္၍ မႏၱေလးခရီးသြားလုပ္ငန္းတြင္ ဧည့္လမ္းညႊန္လိုအပ္ခ်က္ မ်ားျပားလာခဲ့ျခင္းျဖစ္ၿပီး ဧည့္လမ္းညႊန္မလံုေလာက္သျဖင့္ ဘာသာစကား ေျပာတတ္သည့္ ဆိုကၠားသမားမ်ားအား သင္တန္းေပး၍ လိုင္စင္ထုတ္ေပးခဲ့ရသည္ အထိျဖစ္ခဲ့ေၾကာင္း ဧည့္လမ္းညႊန္ ကို၀င္းေဇာ္ဦးထံမွ သိရသည္။
“ဆိုကၠားသမားေတြကို လိုင္စင္ထုတ္ေပးခဲ့ရဖူးေတာ့ သူတို႔အေနနဲ႔က ဒီႏိုင္ငံအေၾကာင္းကို တိတိက်က် မေျပာနိုင္ဘူး။ ႏိုင္ငံရဲ႕ဂုဏ္လည္း က်တယ္။ အခုလို သင္တန္းေတြေပးၿပီး သင္ထားေတာ့ ကိုယ့္ႏိုင္ငံအေၾကာင္း ၊ ေရေျမသဘာ၀၊ ရိုးရာယဥ္ေက်းမႈေတြအေၾကာင္း တိတိက်က်ရွင္းျပႏိုင္ေတာ့ ဧည့္သည္ေတြလည္း ေနာက္ထပ္ လာလည္ခ်င္စိတ္ ျဖစ္တာေပါ့”ဟု ကိုေသာင္းႏိုင္ဦးက ဆိုသည္။
၂၀၁၂ခုႏွစ္က မႏၱေလးၿမိဳ႕တြင္ လိုင္စင္ရဧည့္လမ္းညႊန္ (၈၀)ဦးခန္႔သာရိွခဲ့ၿပီး ေဒသအသီးသီးတြင္ ဧည့္လမ္းညႊန္သင္တန္းမ်ား ဖြင့္လွစ္ေပးထားၿပီးေနာက္ လိုင္စင္ရဧည့္လမ္းညႊန္တိုးလာျခင္းျဖစ္ရာ လာမည့္ ခရီးသြားရာသီအတြက္ ဧည့္လမ္းညႊန္အလံုအေလာက္ရိွေနႏုိင္ေၾကာင္း ဧည့္လမ္းညႊန္မ်ားထံမွ သိရသည္။
................
မန္တလေး၊ ဇွန်လ(၂၂) ရက်
ဧည့်လမ်းညွှန်သင်တန်းများ ဖွင့်လှစ်ပြီးနောက် ၂၀၁၆ ခုနှစ်တွင် မန္တလေးမြို့တွင် လိုင်စင်ရ ဧည့်လမ်းညွှန်ဦးရေ (၂၀၀)အထိ တိုးလာကြောင်း သိရသည်။
“ဧည့်လမ်းညွှန် နယ်လိုင်စင်သင်တန်းတွေ ဖွင့်ပေးတာ အရမ်းကောင်းပါတယ်။ ဘွဲ့ရပြီးအလုပ်မရှိတဲ့ သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ များလာတယ်။ ကြိုးစားချင်စိတ်တွေလည်း ဖြစ်လာတာပေါ့။ ဟိုအရင်ကလို ဧည့်လမ်းညွှန် မလုံလောက်တာတွေလည်း နည်းလာတယ်။ လက်ရှိမှာတော့ အရင်ကထက် စာရင် ဧည့်လမ်းညွှန်လုပ်တဲ့သူ များလာပါတယ်။ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်ကတော့ အများဆုံးပဲ။”ဟု မန္တလေးမှ ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုသောင်းနိုင်ဦးက ဆိုသည်။
၂၀၁၂ ခုနှစ်မှစတင်၍ မန္တလေးခရီးသွားလုပ်ငန်းတွင် ဧည့်လမ်းညွှန်လိုအပ်ချက် များပြားလာခဲ့ခြင်းဖြစ်ပြီး ဧည့်လမ်းညွှန်မလုံလောက်သဖြင့် ဘာသာစကား ပြောတတ်သည့် ဆိုက္ကားသမားများအား သင်တန်းပေး၍ လိုင်စင်ထုတ်ပေးခဲ့ရသည် အထိဖြစ်ခဲ့ကြောင်း ဧည့်လမ်းညွှန် ကိုဝင်းဇော်ဦးထံမှ သိရသည်။
“ဆိုက္ကားသမားတွေကို လိုင်စင်ထုတ်ပေးခဲ့ရဖူးတော့ သူတို့အနေနဲ့က ဒီနိုင်ငံအကြောင်းကို တိတိကျကျ မပြောနိုင်ဘူး။ နိုင်ငံရဲ့ဂုဏ်လည်း ကျတယ်။ အခုလို သင်တန်းတွေပေးပြီး သင်ထားတော့ ကိုယ့်နိုင်ငံအကြောင်း၊ ရေမြေသဘာဝ၊ ရိုးရာယဉ်ကျေးမှုတွေအကြောင်း တိတိကျကျရှင်းပြနိုင်တော့ ဧည့်သည်တွေလည်း နောက်ထပ် လာလည်ချင်စိတ် ဖြစ်တာပေါ့”ဟု ကိုသောင်းနိုင်ဦးက ဆိုသည်။
၂၀၁၂ခုနှစ်က မန္တလေးမြို့တွင် လိုင်စင်ရဧည့်လမ်းညွှန် (၈၀)ဦးခန့်သာရှိခဲ့ပြီး ဒေသအသီးသီးတွင် ဧည့်လမ်းညွှန်သင်တန်းများ ဖွင့်လှစ်ပေးထားပြီးနောက် လိုင်စင်ရဧည့်လမ်းညွှန်တိုးလာခြင်းဖြစ်ရာ လာမည့် ခရီးသွားရာသီအတွက် ဧည့်လမ်းညွှန်အလုံအလောက်ရှိနေနိုင်ကြောင်း ဧည့်လမ်းညွှန်များထံမှ သိရသည်။
သတင်း။ ရွှေဇော်