ကျောက်မဲ၊ ဇွန်လ (၂၀) ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းနှင့် အောင်လက်မှတ်ထုတ်ယူရန် ငွေကျပ်တစ်သောင်းပေးနေရကြောင်း သတင်းများ ထွက်ပေါ်နေခြင်းမှာ ကျောင်းမှတောင်းယူခြင်း မဟုတ်ကြောင်း ကျောင်းအုပ်ကြီးက ပြောကြားလိုက်သည်။
“အောင်တဲ့ကလေးတွေက အမှတ်စာရင်းနဲ့ အောင်လက်မှတ်ကို အမြန်လိုချင်ကြလို့ အဲဒီစာရေးက အချိတ်အဆက်ရှိတာနဲ့ လုပ်ပေးတဲ့ သဘောပါ။ ကျောင်းအနေနဲ့ မဟုတ်ပါဘူး။ ကျောင်းမှာက အခမဲ့လုပ်ပေးမယ့် အရာတွေကို သင်ပုန်းတွေမှာကပ်ပြီး ကြေညာထားပါတယ်။ ဒါကသူ့ဟာသူ လုပ်တာ။ ကျောင်းနဲ့ လုံးဝမဆိုင်ဘူး”ဟု အမှတ်(၄) အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်က ပြောသည်။
အဆိုပါကျောင်းတွင် အောင်လက်မှတ်ထုတ်ယူသည့် ကျောင်းသားများအား စာရေးတစ်ဦးက ကျောင်းသားတစ်ဦးလျှင် ငွေကျပ်တစ်သောင်းယူပြီး ဆောင်ရွက်ပေးနေသည်ဟု သတင်း ထွက်နေသော်လည်း အဆိုပါကိစ္စမှာ ကျောင်းအနေဖြင့် လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ကျောင်းအုပ်ကြီးက ဆိုလိုက်သည်။
“လကုန်မှရမယ်လို့ ပြောတယ်။ အခုငွေ တစ်သောင်းကျပ် ပေးခဲ့ရတယ်။ ဘောက်ချာတွေ ဘာတွေတော့ မရဘူး” ဟု ကျောက်မဲမြို့ အမှတ် (၂) ရပ်ကွက်မှ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် သွားရောက်ထုတ်ယူသည့် ကျောင်းသူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံစာစစ်ဌာနမှ ထုတ်ပြန်ချက်အရ တက္ကသိုလ်ဝင်တန်းအောင်အမှတ်စာရင်းထုတ်ယူလျှင် တံဆိပ်ခေါင်းခွန် ငွေကျပ် (၄၀၀)သာ ပေးသွင်းရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။
“အမှတ်စာရင်းဆို (၃,၀၀၀)ပဲ တောင်းတာပါ။ ရှင်းရှင်းလင်းလင်းသိချင်ရင် ကျောင်းကိုလာမေးပါ။ စီးပွားရေးလုပ်တာမှ မဟုတ်တာ။ ကလေးတွေကို ကူညီတာ သက်သက်ပါပဲ။ အမြန်ရအောင် ကူညီပေးတာပါ”ဟု အောင်လက်မှတ်ထုတ်ရန် ဆောင်ရွက်ပေးသည့် စာရေးက ဆိုသည်။
၂၀၁၆ ခုနှစ်အတွက် တက္ကသိုလ်ဝင်ခွင့် အောင်မြင်သူများနှင့် မအောင်မြင်သူများ အတွက်ပါ အမှတ်စာရင်းများကို ဇွန်လ(၁၃) ရက်နေ့မှစ၍ ထုတ်ယူနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။
သတင်း။ ။ နေဖြိုးမြင့်
.....................