တာချီလိတ်မြို့မဈေးတွင် မဲနှိုက်၍ နေရာချထားပေးပြီးသော ပျံကျဈေးခုံများနှင့် ပတ်သက်၍ သတ်မှတ်ရက်အတွင်း လာရောက် ဈေးရောင်းချခြင်း မရှိပါက ဆိုင်နေရာအား စည်ပင်သာယာရေး ကော်မတီအပိုင် အနေဖြင့် သိမ်းဆည်းသွားပြီးနောက် ဆိုင်နေရာအတွက် ငွေကြေး ပေးသွင်းထားသူများအား ငွေပြန်လည်ပေးအပ်သွားမည့် ကိစ္စနှင့် စပ်လျဉ်း၍ ယနေ့ မေလ(၇)ရက် နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် ဈေးဆောက်လုပ်ခွင့်ရရှိခဲ့သော မင်းခေတ်သစ်ကုမ္ပဏီတို့ တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးမှုကို မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးမှာပင် ပြုလုပ်ခဲ့ကြသည်။
ပျံကျခုံတန်းများနှင့် ပတ်သက်၍ “သူတို့လိုချင်တယ်ဆိုပြီး တောင်းဆိုတုန်းက ဈေးခုံ(၃၂)နေရာကို ဖျက်ပြီး ရောင်းချလို့ရအောင် ကျွန်တော်တို့ စီစဉ်ပေးခဲ့တယ်၊ ဆိုင်ခန်းခတွေကိုလည်း မေလ(၃၁)ရက်နေ့ နောက်ဆုံးထားသွင်းပေးဖို့ တောင်းဆိုလို့လည်း လိုက်လျောခဲ့ပြီးပြီ၊ အခုသူတို့ အနေနဲ့ ပေးသွင်းထားတဲ့ ဈေးဆိုင်ခန်းခတွေကို ပြန်တောင်းရင် အကုန်ပြန်ပေးသွားမှာဖြစ်ပါတယ်..”ဟု မင်းခေတ်သစ်ကုမ္ပဏီမှ ဒါရိုက်တာ ဦးမောင်မောင်က အစည်းအဝေးတွင် ပြောသည်။
ဝမ်ကောင်းမြို့မဈေးတွင် ဈေးရောင်းချရန် ပျံကျနေရာများ သတ်မှတ်ပေးထားသော်လည်း ဈေးသူ ဈေးသားများမှ ရောင်းချခြင်းမရှိဘဲ ဘုရင့်နောင်ဈေးသို့ ပြောင်းရွှေ့ ရောင်းချလျှက်ရှိပြီး တစ်ချို့သော ဈေးသူ ဈေးသားများမှာ ပေးသွင်းထားသော ဈေးဆိုင်ခန်းခများကို ပြန်လည်ရယူလို၍ တောင်းဆိုနေကြောင်း၊ ယခင်က ဆိုင်ခန်းရရှိရန် ဆန္ဒပြ၍ တောင်းဆိုခြင်းကြောင့် ဈေးဆိုင်ခန်များ ရရှိရန် မြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် ဈေးအားအဆင့်မြင့် တည်ဆောက်ခွင့်ရသော မင်းခေတ်သစ် ကုမ္ပဏီတို့မှ ညှိနှိုင်း၍ ဆိုင်ခန်းများ ရရှိအောင် စီမံဆောင်ရွက်ပေးခဲ့ပြီးဖြစ်သော်လည်း တချို့တစ်ဝက်သာ လာရောက်ရောင်းချပြီး တစ်ချို့တ၀က်က အခြားဈေးသို့ သွားရောက်ရောင်းချနေသည့်အတွက် မဲစနစ်ဖြင့် သတ်မှတ်ပေးထားသော နေရာများတွင် လာရောက်ရောင်းချခြင်း ရှိမရှိကို သိရှိလိုသည့်အတွက် စာရင်းလာပေးသွင်းရမည့်ရက်ကို ကြေညာထားရှိပြီးကြောင်း အဆိုပါ ဆွေးနွေးမှုများအရ သိရသည်။
“သားငါး ဈေးဆိုင်ခန်းတွေကိုတော့ အဆင်ပြေအောင် စီမံဆောင်ရွက်သွားမှာပါ၊ ၀မ်ကောင်းမြို့မဈေးမှာ ရောင်းချလိုခြင်း မရှိဘဲ ပြန်လည်ပေးအပ်သွားတဲ့ ဈေးဆိုင်ခန်းတွေကိုတော့ လိုချင်တဲ့ဈေးသည်တွေကို စိစစ်ပြီး ပြန်လည်ရောင်းချပေးသွားမှာပါ”ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူး ဦးကျော်ဇင်မှပြောသည်။
ဝမ်ကောင်းမြို့မဈေးအား မေလ၏ ဒုတိယအပတ်အတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် ဈေးဆိုင်ခန်းများအား ဈေးသူဈေးသား အဆင်ပြေစွာ ဈေးရောင်းချနိုင်ရန်အတွက် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အဆင့်မြှင့်တင် ဆောက်လုပ်ပြီးစီးပြီဖြစ်သော မြို့နယ်စည်ပင်သာယာရေး ကော်မတီပိုင်ဖြစ်သည့် တာချီလိတ်မြို့မ (၀မ်ကောင်း)ဈေးကို မကြာမီ ရက်ပိုင်းအတွင်း၌ ဖွင့်ပွဲအဖြစ် ကျင်းပပြုလုပ်တော့မှာ ဖြစ်သည့် အတွက် မဲစနစ်ဖြင့် သတ်မှတ်၍ နေရာချထားပေးခဲ့ပြီးဖြစ်သော ပျံကျခုံ(၂၉၀)ခုံမှ ဈေးသူ၊ ဈေးသားများ အနေဖြင့် ၅.၅.၂၀၁၅ ရက်နေ့မှ ၁၁.၅.၂၀၁၅ရက်နေ့ အထိ သတ်မှတ်ရက် (၇)ရက် အတွင်း ပြောင်းရွှေ့ ရောင်းချသွားရန်နှင့် ပြောင်းရွှေ့ရောင်းချခြင်း မရှိပါက သတ်မှတ်ပေးထားသော ဆိုင်နေရာများကို ကော်မတီပိုင် အဖြစ် သိမ်းဆည်းသွားမှာဖြစ်ကြောင်း မေလ(၅)ရက်နေ့က ထုတ်ပြန်ခဲ့သည့် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ကြေညာချက်အရ သိရသည်။