မိုးရွာသွန်းမှုကြောင့် အုတ်တံတိုင်း ပြိုကျမှုများ ဖြစ်ပေါ်က ထိခိုက်မှု မရှိစေရေး မြို့နယ်အုပ်ချုပ်ရေးမှူးမှ သတိပေး

မိုးရွာသွန်းမှုကြောင့် အုတ်တံတိုင်း ပြိုကျမှုများ ဖြစ်ပေါ်က ထိခိုက်မှု မရှိစေရေး မြို့နယ်အုပ်ချုပ်ရေးမှူးမှ သတိပေး
ဧပြီ 12, 2015
By Tachileik News Agency

ဧပြီလ(၁၂)ရက်နေ့သို့အကူး နှင့် နံနက်မိုးသောက်ပိုင်းတို့တွင် မိုးရွာမှုကြောင့် တာချီလိတ်မြို့ပေါ် ဆန်ဆိုင်း(ခ)ရပ်ကွက် ရီဂျီးနားဂေါက်ကွင်းအနီး နှင့် မကာဟိုခမ်းရပ်ကွက်အတွင်း ရေစီးရေလာ ကိစ္စ နှင့်အတူ ခပ်မြင့်မြင့် အုတ်တံတိုင်းများ ကာရံထားမှုကြောင့် မဖြစ်သင့်သည့် ဆိုးကျိုးများ မဖြစ်စေရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ယနေ့ ဧပြီလ(၁၂)ရက် နံနက်(၈)နာရီက သွားရောက် စစ်ဆေးခဲ့ကြသည်။

မိုးရွာသွန်းမှုများကြောင့် အုတ်တံတိုင်းများသည် အောက်ခြေရေစီးကြောင်းကြောင့် တိုက်စားမှုများနှင့် မိုးရေများနှင့်အတူ ဖို့မြေများမှာ အိကျ၍ ပြိုကျမှုများကြောင့် အနီးအနားရှိ နေအိမ်များ၊ လူများ မထိခိုက်စေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် အဖွဲ့မှ လိုက်လံစစ်ဆေးရာ ၀မ်မိုင်ရွာအတွင်း နှင့် မကာဟိုခမ်းရပ်ကွက်၊ ယာမြေလမ်းကြားတို့တွင် အုတ်တံတိုင်းတစ်ချို့ ပြိုကျမှုများ ဖြစ်ပေါ်နေတာကို တွေ့ရှိရသည်။

မကာဟိုခမ်းရပ်ကွက်၊ ယာမြေလမ်းကြားတို့တွင် အုတ်တံတိုင်း ပြိုကျမှုမှာ ထိခိုက်မှု မရှိသော်လည်း ဆန်ဆိုင်း(ခ)၊ ၀မ်မိုင်ရွာအတွင်း၌ အုတ်တံတိုင်းပြိုကျမှုကြောင့် နေအိမ်အနည်းအငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

"မိုးအဆက်မပြတ်ရွာတဲ့ အချိန်တွေ၊ မိုးကြီးရွာသွန်းတဲ့ အချိန်တွေဆိုရင် နေအိမ်ဘေးနားမှာ အုတ်တံတိုင်း ခပ်မြင့်မြင့် ကာရံထားတာတွေရှိတယ်ဆိုရင် သတိထားပြီး နေကြဖို့ လိုသလို၊ အုတ်တံတိုင်း ခပ်မြင့်မြင့် ကာရံမယ်ဆိုရင်လည်း အနီးအနားမှာ အိမ်တွေနဲ့ လွတ်ကင်းမှု ရှိမရှိဆိုတာကိုလည်း နေအိမ်ပိုင်ရှင်များ အနေနဲ့ သတိပြုပြီး ဆောင်ရွက်ဖို့လိုပါတယ်.."ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ ပြောသည်။

"ဒီနှစ်မှာလည်း ပြီးခဲ့တဲ့ နှစ်ကလို မဖြစ်စေရေးအတွက် လိုက်လံစစ်ဆေးတဲ့အခါမှာ နံနက်ပိုင်းက မိုးရွာတဲ့အတွက်ကြောင့် အုတ်တံတိုင်းတစ်ချို့ ပြိုကျပျက်ဆီးနေတာကို တွေ့ရတယ်၊ ပြီးခဲ့တဲ့ နှစ်ကလို ကြီးကြီးမားမားမဖြစ်စေဖို့ ပြည်သူများ သတိထားဖို့လိုပါတယ်"ဟု ၎င်းမှ ဆက်လက်၍ အသိပေးပြောကြားလာသည်။

ဆက်လက်၍ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက် နှင့် ရပ်ကွက်အထောက်အကူပြုအဖွဲ့ဝင်များသည် ရီဂျီးနား ဟိုတယ် နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ၀မ်မိုင်ရွာ အကြားရှိ အဆင်းလမ်းတွင် မိုးများ ရွာသွန်းသည့်အခါ ရေများမှာ ဂေါက်ကွင်းအတွင်း ပြုလုပ်ထားသော ဆည်လွှဲမြောင်းသို့ စီးမျောခြင်းမရှိဘဲ မကြာသေးမီက ခင်းကျင်းပြီးခဲ့သော ကတ္တရာလမ်းပေါ်သို့ စီးဆင်းနေသည့်အတွက် အဆိုပါ လမ်းကတ္တရာလမ်းအား မပျက်စီးစေရန် နှင့် လမ်းများပေါ် ရေများ မစီးစေရေးအတွက် ရီဂျီးနားဟိုတယ်မှ တာဝန်ရှိသူများအား အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အမြန်ဆုံး အကောင်အထည်ဖော်ရန် ပြောဆိုညှိနှိုင်းခဲ့ကြသည်။

ရီဂျီးနား ဟိုတယ် နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ၀မ်မိုင်ရွာ အကြားရှိ အဆင်းလမ်းပေါ်သို့ ရေများစီးဆင်းနေမှုနှင့် ပတ်သက်၍ ရေများအား လမ်းပေါ်သို့ မစီးစေရန်နှင့် မြောင်းဖော်ရန် ကိစ္စအား သင်္ကြန်အပြီးတွင် စတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရီဂျီနား ဟိုတယ်မှ အထွေထွေမန်နေဂျာတစ်ဦးမှ နှုတ်ကတိစကားဆိုသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ၂၀၁၄ခုနှစ် မိုးရာသီကာလက အုတ်တံတိုင်းပြိုကျမှုကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ယခုနှစ်တွင် ထိခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့မှ လိုက်လံ စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net