မြန်မာ့သက္ကရာဇ် ၁၃၇၆ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ဧပြီလ (၁၃)ရက်၊ ညနေ(၃)နာရီ အချိန်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ရှမ်းရိုးမကွင်း၊ ဗိုလ်ချုပ်လမ်း မကြီးဘေးရှိ ဗဟိုမဏ္ဍပ်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များလည်း တက်ရောက်ဆင်နွှဲခဲ့ကြသည်။
ဖွင့်ပွဲတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ၁၃၇၆ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် နှစ်သစ်ကူးမင်္ဂလာ နှင့် ပတ်သက်၍ နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။
စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကိုကိုဦး၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့် ၊ ထိုင်းနိုင်ငံ မယ်ဆိုင် မြို့အုပ်ချုပ်ရေးမှူး နှင့် မြန်မာ - ထိုင်း နယ်ခြားကော်မတီ၊ မယ်ဆိုင် မှ တာဝန်ရှိသူတို့က မဟာသင်္ကြန်ပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် ယိမ်းအဖွဲ့များက မြူမှောင်ဝေကင်း သီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊လူမှုရေးအသင်း အဖွဲ့များ၊ရပ်ကွက်၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသားပြည်သူများ၊ ယိမ်းအဖွဲ့များ၊
ထိုင်းနိုင်ငံ- မယ်ဆိုင်မြို့မှ ဧည့်သည်တော်များ တက် ရောက်ပြီး၊ သပြေခက်များဖြင့် အတာရေစင် ပက်ဖျန်း၍ ပျော်ရွှင်ကာ အတူပါဝင်ဆင်နွှဲခဲ့ကြသည်။
သတင်း။ ။ ဝေယံလင်း