မြန်မာနှစ်သစ်ကူးကာလပြီးဆုံး၍ နှစ်ဆန်း(၁)ရက်နေ့တွင် ဗုဒ္ဓဘာသာဝင်တို့သည် ရိုးရာဓလေ့အစဉ်အလာ အတိုင်း ကောင်းမှု ကုသိုလ်များပြုလုပ်လေ့ရှိရာ တာချီလိတ်မြို့တွင် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ် ပူဇော်ပွဲနှင့် အသက် (၈၀)နှစ်အထက် သက်ကြီးပူဇော်ပွဲကို မြန်မာသက္ကရာဇ် ၁၃၇၇ခုနှစ်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့၊ ဧပြီလ (၁၇)ရက်၊ နံနက်(၉)နာရီအချိန်က တာချီလိတ်မြို့နယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက်မှ လက်ထောက်သာသနာပြုဆရာတော် ဘဒ္ဒ န္တက္ကုန္ဒဓမ္မ ထံမှ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး၊ နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ ဘဒ္ဒ န္တဓမ္မသီရိ အမှူးပြုသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များ က ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်သည်။
ထို့နောက် ဌာနဆိုင်ရာများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးပြီး၊တောင်တန်း သာသနာပြုကျောင်းတိုက်၊ လက်ထောက် သာသနာပြုဆရာတော် ထံမှ သာဓုအနုမောဒနာ တရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေသည်။
ဆက်လက်၍ အသက်(၈၀)နှစ်အထက် အဖိုး၊ အဖွား (၁၂၀)တို့အား စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကိုကိုဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း အပါအ၀င် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသန္တာကျော် နှင့် အဖွဲ့ဝင်များ၊ ခရိုင် နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် အလှူရှင်များက “ ဂါရဝေါစ ၊ နိဝါတောစ ၊ သန္တုဌိစ ၊ ကတညုတာ ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံမင်္ဂလ မုတ္တမံ “ ဟူသည့် ကျမ်းဂန်စကားနှင့်အညီ ရှိခိုး ကန်တော့ကာ ထောက်ပံ့ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင် ပစ္စည်းများ ပေးအပ် လှူဒါန်းသည်။
ယင်းနောက် အဖိုးအဖွားများကိုယ်စား သုဓမ္မမဏိဇောတဓရ ဦးမောင်လေး က ဆုတောင်းမေတ္တာ ပြန်လည် ပို့သပေးသည်။ အခမ်းအနားတွင် သက်ကြီး အဖိုးအဖွား (၁၂၀)ဦးအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းတန်ဖိုး စုစုပေါင်းငွေ ကျပ် (၁၀,၃၉၂,၈၀၀) ဖြစ်ကြောင်း နှင့် ကျန်းမာရေး အခြေအနေအရ မတက်ရောက်နိုင်သည့် အဖိုးအဖွားများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးမည်ဖြစ်သည်။
ယင်းအခမ်းအနားတွင် ကျန်းမာရေးဦးစီး ဌာနမှ ၀န်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ က ကျန်းမာရေး စောင့်ရှောက်မှုပေးပြီး၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များက အဖိုးအဖွားများအား ခြေသည်းလက်သည်း ညှပ်ပေးခြင်းကို ကုသိုလ်အဖြစ် ဆောင်ရွက်ပေးခဲ့ကြသည်။
သတင်း။ ။ ဝေယံလင်း
ပုံများကိုကြည့်ရန်
#TachileikOnlineNews
www.tachileik.net ❂⊱