တာချီလိတ်၌ သင်္ကြန်အတွင်း ဆိုင်ကယ်မှောက်၍ သားဖြစ်သူ သေဆုံးကြောင်းကို (၃)ရက်မြောက်နေ့မှ မိခင်က သိရ

တာချီလိတ်၌ သင်္ကြန်အတွင်း ဆိုင်ကယ်မှောက်၍ သားဖြစ်သူ သေဆုံးကြောင်းကို (၃)ရက်မြောက်နေ့မှ မိခင်က သိရ
ဧပြီ 18, 2015
By Tachileik News Agency

တာချီလိတ်၌ သင်္ကြန်အကြတ်နေ့ ဧပြီလ(၁၅)ရက်နေ့က မော်တော်ဆိုင်ကယ်တိမ်းမှောက်ပြီး ဆေးရုံတွင် ဆေးကုသမှုခံယူရင်း သေဆုံးသွားသည့်ကိစ္စနှင့် ပတ်သက်၍ ကျန်ရစ်သူ မိသားစုမှာ (၃)ရက်မြောက်သည့် နေ့မှ ၎င်းတို့၏ သားသေဆုံးတာကို သိရှိရကြောင်း သိရသည်။

သင်္ကြန်အကြတ်နေ့ ဧပြီလ(၁၅)ရက်နေ့ ညနေ(၃း၃၀)နာရီအချိန်က တာချီလိတ်မြို့ ၀မ်လုံးကျေးရွာအုပ်စု၊ ဟွေခိုက်ရွာလမ်း အကွေ့၌ အမည်မသိ အမျိုးသားတစ်ဦးသည် မော်တော်ဆိုင်ကယ်အား အရှိန် မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ရာမှ ဒဏ်ရာရရှိကာ သတိလစ်နေသည့်အတွက် တာချီလိတ် ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက် ကုသထားရှိရာမှ ည(၉း၃၀)နာရီအချိန်၌ ကွယ်လွန်သွားရာ သေဆုံးသူအား မည်သူမည်ဝါဆိုတာ သိရှိရခြင်း မရှိသေးသည့်အတွက် အလောင်းအား မဟာမြတ်မုနိဘုန်းကြီးကျောင်းတွင် ထားရှိပြီး တာချီလိတ်နာရေးကူညီမှုအသင်းမှ ကူညီဆောင်ရွက် ပေးထားကာ တာချီလိတ်နာရေးကူညီမှုအသင်း၏ Facebook နှင့် တာချီလိတ်သတင်းအေဂျင်စီတို့တွင် သတင်းများ ဖော်ပြထားရှိရာမှ ကျန်ရစ်သူ မိသားစုများက သိရှိသွားပြီး ဧပြီလ(၁၇)ရက် ည(၁၀)နာရီ ၀န်းကျင်က တာချီလိတ်နာရေး ကူညီမှုအသင်း ဆက်သွယ်လာကာ မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက်မှ တဆင့် အလောင်းအား သယ်ဆောင်သွားတာ ဖြစ်ကြောင်း သိရသည်။

"ည(၁၀)နာရီ ၀န်းကျင်လောက်မှာ သက်ဆိုင်ရာတွေနဲ့ ယာဉ်ထိန်းတပ်ဖွဲ့နဲ့အတူ ကျန်ရစ်သူမိသားစုတွေကို တွေ့ဆုံပေးပြီးနောက် အလောင်းကို ယေဇူးရွှေနှလုံးတော်ကျောင်း(တာချီလိတ်) ကားနဲ့ ပြန်သယ်သွားကြပါတယ်.."ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးသူမှာ မောင်အားလိုဖြစ်ပြီး အသက်(၂၃)နှစ်ဖြစ်ရာ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ အကွက်(၂)တွင် နေထိုင်သူဖြစ်ကြောင်း နှင့် ၎င်းသည် ရန်ကုန်ရွာဘက်မှ အပြန် ဆိုင်ကယ်မောင်းလာရင်း ဟွေခိုက်ရွာလမ်း အကွေ့အရောက်တွင် ဆိုင်ကယ်တိမ်းမှောက်ရာမှ တဆင့် သေဆုံးသွားတာဖြစ်ကြောင်း ဦးလှမိုး၏ ပြောပြချက်အရ သိရသည်။

"သူ့ရဲ့ မိသားစုတွေက မောင်အားလို ပြန်မလာလို့ဆိုပြီး လိုက်ရှာကြတယ်၊ ရန်ကုန်ရွာဘက်တွေ တောင်ပေါ်တွေဘက်ကို သွားရှာကြတာ၊ အမှန်က အခုလို ကာလမှာ ဆေးရုံတို့ ရဲစခန်းတို့မှာ အရင်မေးကြည့်ရမှာ၊"ဟု ၎င်းမှ ဆက်လက်ပြောပြသည်။

ဆက်စပ်သတင်း

တာချီလိတ်၌ သင်္ကြန်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားသူ၏ မိသားစုများ သိရှိရန်အတွက် သင်္ဂြိုဟ်မည့်ရက်အား စောင့်ဆိုင်းထား
http://www.tachileik.net/2015/04/Yinecc.html

ဓါတ်ပုံ။  ။ တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~