တာချီလိတ်၌ ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် သင်္ကြန်ယိမ်းအဖွဲ့(၁၃)ဖွဲ့ ပါဝင်မည်

တာချီလိတ်၌ ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် သင်္ကြန်ယိမ်းအဖွဲ့(၁၃)ဖွဲ့ ပါဝင်မည်
ဧပြီ 6, 2015
By Tachileik News Agency

တာချီလိတ်မြို့တွင် ယခင်နှစ်များနည်းတူ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် ရိုးရာသင်္ကြန် ယိမ်းအကအဖွဲ့များ ပါဝင်ယှဉ်ပြိုင်ရေး၊ သင်္ကြန်မယ်ရွေးချယ်နိုင်ရေး အပြင် သင်္ကြန်အတွင်း စည်းကမ်းတကျ ဖြစ်စေရေးတို့အတွက် ယနေ့ ၂၀၁၅ခုနှစ် ဧပြီလ(၆)ရက် နေ့လယ်(၁)နာရီအချိန်က တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဗဟိုကော်မတီ နှင့် ဆပ်ကော်မတီများ တွေ့ဆုံ၍ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ပွဲတော်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် ယိမ်းအကအဖွဲ့များမှာ (၁၂)ဖွဲ့ရှိမှာ ဖြစ်ပြီး အပျော်တမ်း (၁)ဖွဲ့ ပါဝင်မည်ဖြစ်ရာ စုစုပေါင်း ယိမ်းအဖွဲ့ (၁၃)ဖွဲ့ရှိကြောင်း နှင့် ဗဟိုမဏ္ဍပ်တွင် စည်ကားရေးအတွက်  ယခင်နှစ်လို မြို့ပေါ်ရှိ ရပ်ကွက်များအလိုက် သင်္ကြန်မဏ္ဍပ်များကို တစ်ရပ်ကွက်လျှင် မဏ္ဍပ်တစ်ခုနှုန်းဖြင့် မပြုလုပ်တော့ဘဲ ရပ်ကွက်(၃)ရပ်ကွက်သော်လည်းကောင်း၊ (၄)ရပ်ကွက်သော်လည်းကောင်း စုပေါင်း၍ မဏ္ဍပ်တစ်ခုစီသာ ပြုလုပ်မှာဖြစ်ကြောင်း သိရသည်။

 သင်္ကြန်ကာလအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပွဲတော်ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ကော်မတီဝင်များမှ အကြံပြု ဆွေးနွေးကြရာတွင် သင်္ကြန်ကာလသည် ပူပြင်းသည့် ရာသီအချိန်အခါလည်း ဖြစ်သည့်အတွက် အများပြည်သူများ ရေပက်ကစားသည့် အချိန်ကို နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီထိ နှင့် ညနေ(၃)နာရီမှ (၆)နာရီ အချိန်ထိသာ ရေပက်ကစားခွင့် ပြုမှာ ဖြစ်ပြီး သက်ကြီးရွယ်အိုများနှင့် အများပြည်သူများ အနှောင့်အယှက်မဖြစ်စေရေးအတွက် ညနေ(၆)နာရီအချိန် ကျော်လွန်သွားပါက ရေပက်ကစားခွင့် ပြုတော့မှာ မဟုတ်ကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

သင်္ကြန်ကာလအတွင်း ယိမ်းအကအဖွဲ့များအနေဖြင့် ညပိုင်း ဖျော်ဖြေမှုများကို ညစဉ် (၇)နာရီအချိန်တွင် စတင်မှာ ဖြစ်ပြီး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား နှစ်စဉ်ကျင်းပရာ နေရာဖြစ်သည့် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~