နှစ်သစ်ကူးညတွင် တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားဖွင့်ချိန် နံနက် (၁)နာရီခွဲအထိ တိုးမြှင့်ပေးထား
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁) တံတားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ပုံမှန်တံတားပိတ်ချိန် မြန်မာစံတော်ချိန် ည(၈)နာရီခွဲအစား ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့ အကူး နံနက် (၁)နာရီခွဲအထိ တိုးမြှင့်ဖွင့်ပေးမည်ဖြစ်ပြီး နံနက် (၇)နာရီတွင် နှစ်နိုင်ငံ စုပေါင်းနှစ်သစ်ကူးဆွမ်းလောင်းလှူမည်ဖြစ်ကြောင်း သိရသည်။
“နှစ်သစ်ကူးနေ့မှာ နှစ်နိုင်ငံသားတွေ သွားလာ လည်ပတ်နိုင်ဖို့အတွက် တံတားပိတ်ချိန်ကို မနက်(၂)နာရီ(ထိုင်းအချိန်)အထိ တိုးပြီးဖွင့်ပေးထားမှာပါ။ ဆွမ်းလောင်းတာက မနက် (၇)နာရီပါ”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်နှင့် မယ်ဆိုင်ကို ဆက်သွယ်ထားသော နှစ်နိုင်ငံနယ်စပ်တံတားဖြစ်သည့် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)ကို နေ့စဉ် မြန်မာစံတော်ချိန် နံနက်(၆)နာရီမှ ည (၈)နာရီခွဲအထိ ဖွင့်လှစ်ပေးနေခြင်းဖြစ်ပြီး နိုင်ငံတကာ နှစ်သစ်ကူးနေ့များတွင် နှစ်စဉ် အချိန်တိုးမြှင့်ဖွင့်ပေးလေ့ရှိခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် ယခင်နှစ်များက နှစ်သစ်ကူးပွဲများကျင်းပလေ့ မရှိသဖြင့် နှစ်သစ်ကူးပွဲဆင်နွှဲလိုသူများက မယ်ဆိုင်မြို့သို့ သွားရောက်လည်ပတ်လေ့ရှိပြီး ၂၀၁၈ ခုနှစ်မှစ၍ တာချီလိတ်မြို့၌ နှစ်သစ်ကူးကြိုမည့်ပွဲတော်များ ကျင်းပလာကြခြင်းဖြစ်သည်။
မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)ကို ယခင်က မြန်မာနိုင်ငံ စံတော်ချိန် နံနက်(၆)နာရီမှ ညနေ(၆)နာရီထိ ဖွင့်လှစ်ပေးနေရာမှ ၂၀၁၄ နှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ နံနက်(၆)နာရီမှ ညနေ(၈)နာရီခွဲအထိ အချိန်တိုးမြှင့်ပြောင်းလဲဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့တွင်လည်း မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား ဖြတ်သန်းခွင့်ပြုချိန်ကို နံနက်(၆)နာရီမှ ညနေ(၆)နာရီသတ်မှတ်ထားရာမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့မှစ၍ နံနက် (၅)နာရီမှ ညနေ(၈)နာရီအထိ နှစ်နိုင်ငံသဘောတူတိုးမြှင့်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။