အခြေခံပညာကျောင်းများ ကျောင်းပိတ်ချိန်လျှော့ချခြင်းကို လွိုင်ကော်ပညာရေး ကောလိပ်ကျောင်းသားများ ဖဲကြိုးစိမ်းလှုပ်ရှားမှုဖြင့် ကန့်ကွက်
အခြေခံပညာကျောင်းများ၏ စာမေးပွဲစစ်ဆေးခြင်းအား မတ်လနောက်ဆုံးပတ်သို့ ပြောင်းရွှေ့သတ်မှတ်ခြင်းကို ကယားပြည်နယ်၊ လွိုင်ကော်ပညာရေးကောလိပ်ကျောင်းသားများက ဖဲကြိုးစိမ်းလှုပ်ရှားမှုဖြင့် ကန့်ကွက်ခြင်းအဖြစ် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည်။
" အခုအငယ်တန်းတွေ မတ်လနောက်ဆုံးပတ်အထိ ကျောင်းတက်ရမယ့်ကိစ္စပေါ့။ အခြေခံပညာက ဆရာ ဆရာမတွေရယ် နောက်ဝေးလံတဲ့ ဒေသတွေမှာ တာဝန်ထမ်းဆောင်နေရတဲ့ ဆရာမတွေ အတွက်ပေါ့။ ကျွန်တော်တို့လည်း ကျောင်းပြီးသွားရင် ဒီအခြေခံကိုပဲ သွားရမှာဖြစ်တဲ့အတွက် ဒီလိုစနစ်ကို ဆရာ ဆရာမတွေရဲ့ သဘောထားဆန္ဒမပါဘဲ လုပ်ဆောင်တဲ့အပေါ် ကန့်ကွက်ရခြင်းဖြစ်ပါတယ် " ဟု လွိုင်ကော်ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂဥက္ကဌ မောင်ခင်မောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ်ရန် ကျောင်းအုပ်ဆရာမကြီးထံ စာတင်ပြအကြောင်းကြားထားခဲ့သော်လည်း ခွင့်ပြုထားခြင်း မရှိကြောင်း သိရသည်။
"ကျွန်တော်တို့ အခု နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့နဲ့ သက်ဆိုင်တဲ့ ဆန္ဒကိုဖော်ထုတ်တာပဲ လုပ်တာပါ။ ဘာမှဖွံ့ဖြိုးမှုပြည့်စုံမှု မရှိသေးဘဲနဲ့ ကျွန်တော်တို့ကို တစ်ဆင့်ပြီးတစ်ဆင့် မြန်မြန်တက်သွားခိုင်းရင် အဆင်တော့မပြေဘူး"ဟု လွိုင်ကော်ပညာရေး ကောလိပ်ကျောင်းသားသမဂ္ဂ စည်းရုံးရေးမှူး ကိုဇော်လင်းထွန်း ကပြောသည်။
လွိုင်ကော်ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂမှ ဦးဆောင်၍ ကျောင်းသူကျောင်းသားများက ကျောင်းဝန်းအတွင်း ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဖဲကြိုးစိမ်းများတပ်ကာ ဆန္ဒထုတ်ဖေါ်ကြခြင်းဖြစ်သည်။