ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့ နံနက်ပိုင်းက ဆိုင်ရှေ့တွင် သော့တန်းလန်းဖြင့်ရပ်ထားစဉ် ခိုးယူခံရသည့်ဆိုင်ကယ်အား ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးရမိကြောင်း သိရသည်။
ကျောက်မဲမြို့၊ မင်္ဂလာဈေး (ဈေးသစ်)ရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင် ဆိုင်ရှင် အမျိုးသားက နံနက် (၇) နာရီဝန်းကျင်တွင် ဆိုင်ကယ်ကို သော့တန်းလန်းဖြင့် ဆိုင်ရှေ့ရပ်ထားပြီး ဆိုင်ဖွင့်နေစဉ် ခိုးယူခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
“ဆိုင်ကယ်ပျောက်သွားတော့ အဲဒီဆိုင်ကယ်ပိုင်ရှင်က သူ့နည်းလမ်းနဲ့သူ အချိန် (၂) နာရီလောက် ကြာအောင် လိုက်ရှာသေးတယ်။ မတွေ့တော့မှ ရဲစခန်းကို လာတိုင်တဲ့အတွက်သိရပြီး ချက်ချင်းလိုက်ပြီး ဖြန့်ကျက်စုံစမ်းရှာဖွေတဲ့အခါ ဆိုင်ကယ်ခိုးယူသူ (၂) ဦးနဲ့အတူ ပြန်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်” ဟု ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ နယ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
ခိုးယူသွားသည့်ဆိုင်ကယ်ကို အသက် (၂၅)နှစ်အရွယ် စိုင်းအိုက်ပီးနှင့် အသက် (၂၂) နှစ်အရွယ် စိုင်းထွန်းလှိုင်တို့နှင့်အတူ နေ့လယ် (၁၂)နာရီခွဲအချိန်၌ ကျောက်မဲ-မိုးကုတ်လမ်း၊ တောင်နောက်ကျေးရွာအနီး၌ တွေ့ရှိဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းအိုက်ပီးနှင့် စိုင်းထွန်းလှိုင်းတို့အား ကျောက်မဲမြို့မရဲစခန်းတွင် (ပ) ၂၁/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ - ၃၇၉ (ဆိုင်ကယ်) ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။
သတင်း - နေဖြိုးမြင့်