ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုနှင့်ပတ်သက်၍ ကောလဟာလ ရေးသားဖြန့်ဝေသူ (၄)ဦးကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး လူမှုကွန်ယက်၌ ကောလဟာလ ပြန်လည် ဖြန့်ဝေသူများ အနေဖြင့်လည်း အရေးယူခံရနိုင်ကြောင်း သတိပေးထားသည်။
ချောင်ဘူရီ၊ ချင်းမိုင်၊ ချာချင်ဆောင်နှင့် နမ်ခရိုင်တို့မှ ကောလဟာလ ရေးသားသူ (၄)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
လူမှုကွန်ယက်စာမျက်နှာတွင် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကောလဟာလများ ရေးသားဖြန့်ဝေနေကြခြင်းကို တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တိုက်တွန်းထားသည့်အပြင် လူမှုကွန်ယက်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် အချက်အလက်မှား၊ ကောလဟာလများ ဖြန့်ဝေမှုကို သက်ဆိုင်ရာ နည်းပညာရှင်များက တားဆီးနိုင်ရေး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြိုးစားနေကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်တွေ့ရှိခဲ့သည့် ဗိုင်းရပ်စ်အသစ် ကိုရိုနာနှင့်ပတ်သက်၍ လူမှုကွန်ယက်ကို အသုံးပြု၍ ကောလဟာလ ရေးသားဖြန့်ဝေမှု အများအပြားရှိနေခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ (၃၅)ဦးရှိသည့်အနက် (၁၅)ဦးမှာ ပြန်လည်ကျန်းမာသွားပြီဖြစ်ကြောင်း သိရသည်။
Ref: CRT, Bangkok Post