ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ မိုင်းတွမ်းနယ်မြေအတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက် နေသည့် တပ်မတော်စစ်ကြောင်းက မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၃) ရွာအနီးမှ မူးယစ်ဆေးဝါးမျိုးစုံကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ၍ မိုင်းဆတ်မူးယစ်ရဲတပ်ဖွဲ့ထဲ ဖေဖော်ဝါရီလ (၂၈)ရက်နေ့ ညနေပိုင်းက လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။
မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ မိုင်းထလန်းနှင့် ခပ်ပူတွန်းရွာဘက်သို့ဆက်သွယ်ထားသည့် လမ်းတွင် တပ်မတော်နယ်မြေရှင်းလင်းရေးစစ်ကြောင်းက ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ ည(၈)နာရီ ခွဲဝန်းကျင်အချိန်က ကင်းပုန်းဝပ်စောင့်ဆိုင်းနေရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုင်းထလန်းနှင့် ခပ်ပူတွန်းရွာဘက်သို့ဆက်သွယ်ထားသည့် လမ်းတွင် မောင်းနှင်လာသော ဆိုင်ကယ်(၂)စီးအား ရပ်တန့်စစ်ဆေးရာ ရပ်တန့်ခြင်းမရှိဘဲ ပြန်လှည့်မောင်းပြေးရာမှ ၎င်းတို့ ဆိုင်ကယ်ဂွကြားတွင် တင်ဆောင်လာသော အဖြူရောင်ဆာလာအိတ်(၂)အိတ် ပြုတ်ကျကျန်ရစ်ခဲ့သဖြင့် ကျန်ရစ်သည့် အိတ်အတွင်း ဖွင့်ဖောက်စစ်ဆေးရာ စိတ်ကြွဆေးပြား စုစုပေါင်း (၃)သိန်းကို သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းသည် နယ်မြေရှင်းလင်းရေးအဖြစ် ဖေဖော်ဝါရီလ(၂၈)ရက် နံနက်တွင် ဆောင်ရွက်ရာ နေ့လည်(၁၁)နာရီဝန်းကျင်အချိန်က ဟွေမီးကျေးရွာအနောက်ဘက် တောင်ယာသွားလမ်းဘေးချုံအတွင်း ဝှက်ထားသော ပီနံအိတ်(၁) အိတ်အတွင်းမှ စိတ်ကြွဆေးပြား စုစုပေါင်းဆေးပြား(၂)သိန်း နှင့် အဝါရောင်လက်ဖက်ခြောက်အိတ်အတွင်းထည့်လျှက် ICE (Methamphetamine) (၂) ကီလိုဂရမ်ခန့်အား သိမ်းဆည်းရမိကြောင်း သိရသည်။
တဆက်တည်းမှာပင် ဖေဖော်ဝါရီလ(၂၈)ရက် မွန်းလွဲ(၁) နာရီခန့်က နမ့်ခမ်း(၁)ကျေးရွာအနီး သစ်ခြောက်ပင်၏ ခွဆုံသစ်ခေါင်း(၁)ခုအား မသင်္ကာသဖြင့် တက်ရောက် စစ်ဆေးရာ သစ်ခေါင်းဝအကျယ်တစ်လက်မခွဲခန့်၊ အနက်(၆)ပေခန့်ရှိ သစ်ခေါင်းအတွင်း ဝှက်ထားသော ဆာလာအိတ်(၂)အိတ်အတွင်းမှ ဘိန်းဖြူ(၄)ကီလိုဂရမ်ခန့်စီပါ(၉)ထုပ်နှင့် (၁၂၀၀)ဂရမ်ခန့်ပါ(၁)ထုပ် အပါအဝင် စပွန်ဆာပုလင်းခွံဖြင့် ထည့်လျှက် စိတ်ကြွဆေးထုတ်လုပ်ရာတွင်အသုံးပြုသော အဖြူရောင်ကော်မှုန့် (၁၆၀)ဂရမ်ခန့်စီပါ ပုလင်း (၂၉)လုံး ကိုလည်း ပိုင်ရှင်မဲ့သိမ်းဆည်းရမိကြောင်း သိရသည်။
နေရာ(၃)နေရာမှ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများအား တပ်မတော်က မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်သို့ လွှဲပြောင်းပေးလိုက်ပြီးနောက် မိုင်းတွမ်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။