မြန်မာနိုင်ငံနှင့် နီးစပ်သည့် လာအိုနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယနှင့်စောင့်ကြည့်လူနာ (၈၅)ဉီးရှိ၍ ဓါတ်ခွဲစစ်ဆေးထားပြီး လာအိုနိုင်ငံအတွင်းရှိ ချစ်ကြည်ရေး တံတားမှ လွှဲ၍ နယ်စပ်ဂိတ်ပေါက်များကို ပိတ်ရန်ဝန်ကြီးချုပ်မှ စီစဉ်နေကြောင်း သိရသည်။
တစ်နိုင်ငံလုံး သံသယနှင့်စောင့်ကြည့်လူနာတွေကို သေချာစစ်ဆေးတော့ မတွေ့ရှိဘူး၊ နယ်စပ်ဂိတ်တွေကို ပိတ်တော့မယ်လို့ ဝန်ကြီးချုပ်က ကြေညာထားပြီ။ ထုတ်ပြန်စာတော့ မကျလာသေးဘူး၊ ကျရင် ပိတ်မယ်၊ နိုင်ငံတကာချစ်ကြည်ရေးတံတားပဲ ချန်ခဲ့မယ်ပြောတယ်၊
ဟု လာအိုနိုင်ငံ ဘော်ကျောက်ပြည်နယ် အရာရှိတစ်ဉီးက တာချီလိတ်သတင်းအေဂျင်စီနှင့် နီးစပ်သူအား ပြောပြသည်။
လာအိုနှင့် ထိစပ်နေသည့် နယ်စပ်ဂိတ်များတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေး အထောက်အကူပြုပစ္စည်းများ လုံလောက်သည့် နယ်စပ်ဂိတ်များကိုသာ ချန်ပြီး မလုံလောက်သည့် ဂိတ်များကို ပိတ်မည်ဖြစ်ကြောင်း နှင့် အခြေခံမူလတန်းကျောင်းများကိုလည်း ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း ၎င်း ထံက သိရသည်။
လာအိုနိုင်ငံတွင် ၂၀၂၀ခုနှစ် မတ်လ(၁၆)ရက်နေ့ ညပိုင်းအထိ စောင့်ကြည့်နှင့်သံသယလူနာ (၈၅)ဉီးအထိရှိလာရာ အဆိုပါ (၈၅)ဦးအား စစ်ဆေးမှုများ ပြုလုပ်ရာတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိရကြောင်း နှင့် စောင့်ကြည့်နှင့်သံသယလူနာ (၈၅)ဉီးတွင် လာအိုနိုင်ငံသားများ အပါအဝင်၊ တရုတ်၊ ဂျပန်၊ အမေရိကန် နှင့် တောင်ကိုရီးယားနိုင်ငံသား အပြင် အင်္ဂလန်နိုင်သားလည်း ပါဝင်ကြောင်း သိရသည်။
အရှေ့တောင်အာရှ (၁၀)နိုင်ငံတွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် နှင့် ပတ်သက်၍ စောင့်ကြည့်သံသယ လူနာအဆင့်သာရှိသေးပြီး ဓါတ်ခွဲစစ်ဆေးမှုများ ပြုလုပ်သည့်အခါတွင်လည်း နှစ်နိုင်ငံလုံး၌ ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိရသေးကြောင်း သိရှိရသည်။
Tachileik News Agency