မောက်မယ်မြို့နယ်အတွင်း ပွဲအားလုံး ကျင်းပခွင့်မပြုတော့ဘဲ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးကို ဘာသာစကား (၃)ခုဖြင့် အသိပညာပေး
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကာကွယ်ရေးအတွက် လူစုလူဝေးဖြစ်သည့် ပွဲလမ်းသဘင်၊ အခမ်းအနား၊ သင်တန်းအားလုံးကို မပြုလုပ်ကြရန် ညွှန်ကြားထားပြီး ထိုင်းနှင့် တရုတ်နယ်စပ်မှ ဝင်လာသူများအား ကျန်းမာရေးစစ်ဆေးမှု လုပ်ဆောင်နေကြောင်း သိရသည်။
“မောက်မယ်မြို့နယ်အတွင်းက ယာဉ်လိုင်းတွေ မောက်မယ် - တောင်ကြီး၊ မောက်မယ် - ဟိုမိန်း (ထိုင်းနယ်စပ်) ယာဉ်လိုင်းတွေနဲ့ ဝင်လာသူတွေမှာ ထိုင်းဘက်က၊ တရုတ်ဘက်က ပါလာသူအားလုံးကို ကျန်းမာရေးစစ်ဆေးတာ အထူးကြပ်မတ်လုပ်နေတယ်။ လူစုလူဝေးကနေ ကူးစက်နိုင်တဲ့အတွက် အခမ်းအနား၊ ပွဲလမ်းသဘင်၊ အလုပ်ရုံဆွေးနွေးပွဲ၊ သင်တန်းတွေ မလုပ်ကြဖို့ တပ်ကိုရော၊ စရဖကိုရော၊ ဌာနဆိုင်ရာတွေရော၊ ရပ်ကျေးတွေကိုရော စာထွက်အကြောင်းကြားထားပါပြီ။ နောက် ဒီနေ့မနက် (၉) နာရီမှာ မြို့နယ်သံဃာ့နာယကကိုလည်း အလှူပွဲတွေမလုပ်ဖို့ လျှောက်ထားပါပြီ။ လူစုလူဝေးတွေနဲ့ဆိုရင် ရောဂါတွေ ကူးစက်နိုင်တာကိုလည်း လျှောက်ထားပြီး ဒီရက်ပိုင်းတွေမှာ ဘာအလှူပွဲတွေ မလုပ်ဖို့ လျှောက်ထားပြီးပါပြီ”
ဟု မောက်မယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မောက်မယ်မြို့နယ်အတွက် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ကုသရေးသီးသန့်ဆောင်အဖြစ် သံဃာ့ဆေးရုံကို ပြင်ဆင်ထားပြီး မိမိတို့ ရပ်ကွက်၊ ကျေးရွာတွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ပြန်လာသူများရှိပါက ကျန်းမာရေးစစ်ဆေးမှု ခံယူရန် သတင်းပေးပို့ကြရန် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို အသိပေးထားကြောင်း သိရသည်။
“ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်တာကတော့ လက်ဆေးပါ။ လူစုလူဝေးတွေ ရှောင်ကြပါ။ ကျန်းမာရေးက ထုတ်ပြန်ချက်တွေအတိုင်း လိုက်နာကြပါ။ ကိုယ်ခံအားကောင်းအောင် ကျန်းမာရေးဂရုစိုက်နေထိုင်ကြပါ”
ဟု မောက်မယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက တိုက်တွန်းထားသည်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းများကို မြန်မာ၊ ရှမ်းနှင့် ပအိုဝ်းဘာသာများဖြင့် ဖြန့်ဝေခြင်းနှင့် Mask အသုံးပြုနည်း၊ လက်ဆေးနည်းများ ပညာပေးရှင်းလင်းခြင်း၊ မောက်မယ်မြို့နယ်အတွင်း ထိုင်းနယ်စပ်မှ ပြန်ဝင်လာသူများအား ကျန်းမာရေးစစ်ဆေးခြင်းများကို လုပ်ဆောင်ထားကြောင်း သိရသည်။
ဒေသတွင်း အသိပညာပေးလက်ကမ်းစာစောင် (၅၀၀) ဖြန့်ဝေခြင်းနှင့် ထိုင်းနယ်စပ်မှ ဝင်လာသည့် မြန်မာနိုင်ငံသား (၆၇)ဦး ကျန်းမာရေးစစ်ဆေးခံယူနိုင်ရန် ဆောင်ရွက်ပေးခြင်းများကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဖွေးဟုန်ဦး၊ မောက်မယ်မြို့နယ် စီမံခန့်ခွဲရေးကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့က မတ်လ (၁၉) ရက်နေ့က ဆောင်ရွက်ထားကြောင်း သိရသည်။
Tachileik News Agency
သတင်း -နန်းဟွမ်ခမ်း
ဓါတ်ပုံ -ထွေအုပ်