လူစုလူဝေးဖြစ်နေတာတွေ ရှောင်ရန်အတွက် တောင်ကြီးမြို့နယ်အတွင်းရှိ ဈေး (၅)ဈေးကို တစ်ရက်စော ကြိုပိတ်
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်အတွင်းရှိ ဈေးများကို နှစ်စဉ်ပုံမှန်ပိတ်ရက်ထက် တစ်ရက်စော၍ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့မှစ၍ ဧပြီလ (၁၇) ရက်နေ့အထိ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။
ပုံမှန်အားဖြင့်တော့ သင်္ကြန်အကြိုနေ့ (ဧပြီ ၁၂) ရက်နေ့ စပိတ်ရမှာပေါ့။ ဒါပေမဲ့ အခု ရောဂါဖြစ်နေတဲ့အနေအထားနဲ့ လူစုလူဝေးဖြစ်နေတာတွေ ရှောင်ဖို့ လိုအပ်တဲ့အချိန်မှာ လူကလည်း နည်းနည်းများလာတော့ တစ်ရက်စောပြီး ပိတ်လိုက်တာပါ။ ပြန်ဖွင့်တာကတော့ ပုံမှန်အားဖြင့်တော့ နှစ်ဆန်း (၂)ရက်နေ့ (ဧပြီလ ၁၈ ရက်နေ့)ပြန်ဖွင့်ပါတယ်
ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တောင်ကြီးမြို့နယ်အတွင်းရှိ စည်ပင်သာယာဈေး (၅)ခုဖြစ်သည့် စဝ်စံထွန်းဈေး၊ ရွှေညောင်ဈေး၊ အေးသာယာဈေး၊ ထုံးဘိုဈေးနှင့် စဉ့်ဟယ်ဈေးများကို သင်္ကြန်ကာလအတွင်း ပိတ်ထားကြောင်း သိရသည်။
Tachileik News Agency