ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် တာဝန်ရှိသူများက တာချီလိတ်တွင် COVID 19 ကာကွယ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် ပစ္စည်းများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် စားနပ်ရိက္ခာများကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့ ညနေပိုင်းက ပံ့ပိုးပေးသည်။
တာချီလိတ်ရှိ ခုတင်(၁၀၀)ဆံ့ဆေးရုံအတွက် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် N 95 Mask၊ PPE ဝတ်စုံ၊ လက်အိတ်၊ မျက်မှန်၊ Hand Gel၊ လည်ရှည်ဖိနပ်၊ ပိုးသတ်ဆေးမှုန့်ပုံးကြီး၊ None Contact Thermometer များကိုပံ့ပိုးပေးသည့် အပြင် ကျန်းမာရေးဝန်ထမ်း အိမ်ထောင်စုပေါင်း (၃၂၀) အတွက် စားနပ်ရိက္ခာများကို တာချီလိတ်မြို့ မြို့မိမြို့ဖနှင့်လုပ်ငန်းရှင်များပါဝင်သည့် စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့က ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ပံ့ပိုးပေးသည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သည့် အဖွဲ့သည် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံကာ ကျန်းမာရေးဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်းခဲ့သည်ကို တွေ့ရသည်။
အဆိုပါ အဖွဲ့တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်နှင့် တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့သည် တာချီလိတ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်၊မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
Tachileik News Agency