ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဒေသန္တရအမိန့်ချိုးဖေါက်ပြီး သင်္ကြန်ပါတီကျင်းပသည့် ရဲတပ်သားတစ်ဦး အပါအဝင် ထိုင်းနှင့် မြန်မာ စုစုပေါင်း (၁၂) ဦးကို ပြည်နယ်၏ ညွှန်ကြားချက်အရ ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေဖြင့် ပြောင်းလဲအရေးယူလိုက်သဖြင့် ပြည်နယ်အတွင်း ကူးစက်ဥပဒေဖြင့် ပထမဆုံးအရေးယူခံရမှုဖြစ်လာသည်။
မနေ့က မြို့နယ်ရဲတပ်ဖွဲ့ နေ့လယ် (၂)နာရီလောက်မှာ ဖုန်းဆက်လာတယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာအစား ကူးစက်ဥပဒေနဲ့ ပြန်လည်တရားစွဲပါလို့ ညွှန်ကြားလာတဲ့အတွက် ကျွန်တော်ကနေ တရားစွဲပေးပါလို့ပြောလာတယ်။ နောက်တစ်ခုက သူတို့က ဝရမ်းကလည်း ကုန်တော့မယ်ဆိုတော့ ကျွန်တော်လည်း ပြည်နယ်ကို တင်ပြပြီး တရားစွဲပေးလိုက်တာမှာ မနေ့က ချက်ချင်းပဲ အမိန့်ချပါတယ်။ ကူးစက်ဥပဒေအရက ဒဏ်ငွေပဲရှိတယ်ဆိုတော့ သူတို့ ဒဏ်ငွေချတယ်
ဟု တာချီလိတ်ခရိုင် COVID 19 ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်နေသည့် ပြည်နယ်ကုသရေးဦးစီးဌာန၊ ကျိုင်းတုံမြို့မှ ဒုတိယညွှန်ကြားရေးမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာ အောင်မြင့်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာ - ထိုင်းနယ်စပ်မြို့၊ တာချီလိတ်တွင် COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေးရှောင်ရန် အမိန့်ထုတ်ထားသည့် ကာလအတွင်း သင်္ကြန်ပါတီကျင်းပသူ (၁၂) ဦးကို ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့တွင် တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမှုအား တရားရုံးစွဲတင်နိုင်ရေး အတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံ တရားစွဲဆိုခွင့်တောင်းရာ ကူးစက်ရောဂါကာကွယ် နှိမ်နှင်းရေးဥပဒေဖြင့် ပြောင်းလဲအရေးယူရန် ပြည်နယ်က ညွှန်ကြားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဲဒါကတော့ ဧပြီလ (၁၂)ရက်နေ့မှာ Mr.Crush Bar မှာ သင်္ကြန်ရေကစားတာ ပြုလုပ်တယ်။ အွန်လိုင်းမှာလည်း ပျံ့လာတယ်။ အဲဒါကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပေဒနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲဆိုတဲ့အတွက် အမှုဖွင့်အရေးယူဆောင်ရွက်ပါတယ်။ ရဲတပ်ဖွဲ့ဆောင်ရွက်ရမယ့် ဆောင်ရွက်ချက်အားလုံးပြီးသွားချိန်မှာ မြို့နယ်ဥပဒေဆီက ဥပဒေအကြံပြုချက်တောင်းပါတယ်။ တောင်းတဲ့အခါကျတော့ သဘာဝဘေးနဲ့ စွဲဆိုပါလို့ အကြံပြုချက်ရတယ်။ ဒါနဲ့စွဲဖို့ဆိုရင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကို တရားစွဲဆိုခွင့် တင်ရပါတယ်။ တင်လိုက်တဲ့အခါကျတော့ ပြည်နယ်သဘာဝဘေးကနေ အဲဒါနဲ့မစွဲဘဲ ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေး ဥပဒေနဲ့ ပြောင်းလဲအရေးယူပါလို့ ညွှန်ကြားလာတယ်။ ကူးစက်ဥပဒေက ရဲအရေးမပိုင်ဘူး။ ကျန်းမာရေးက တရားလိုလုပ်ပြီး ဦးတိုက်လျှောက်ရမယ်။ လျှောက်လိုက်တော့ တာချီလိတ်မြို့နယ်တရားရုံးက စစ်ဆေးတဲ့အခါ လူကြီးတရားခံ (၉)ယောက်နဲ့ ကလေးတရားခံ (၃)ယောက်က ဝန်ခံတဲ့အတွက် လူကြီးတရားခံ (၉)ယောက်ကို ဒဏ်ငွေ (၅,၀၀၀)စီနဲ့ ကလေးတရားခံတွေကို ပြောဆိုဆုံးမလွှတ်လိုက်တယ်
ဟု တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ထွန်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၈)ရက်နေ့တွင် ပြောသည်။
COVID 19 ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်ချိုးဖေါက်ပြီး သင်္ကြန်ပါတီကျင်းပသည့် ရဲတပ်သားတစ်ဦးအပါအဝင် အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၅)ဦး စုစုပေါင်း (၁၂)ဦးကို ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ ပုဒ်မ ၂၅/၃၀(က)ဖြင့် အမှုဖွင့်ထားခဲ့ရာမှ ငွေဒဏ် ကျပ် (၅၀၀၀) ချမှတ်နိုင်သည့် ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေဖြင့် ပြင်ဆင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်