တာချီလိတ်တွင် တောင်ယာသွား ဒေသခံ (၃)ဦးကို RCSS ယူနီဖောင်းဝတ်အဖွဲ့က ဖမ်းဆီး ငွေတောင်းပြီး တစ်ဦးကို ပစ်သတ်

တာချီလိတ်တွင် တောင်ယာသွား ဒေသခံ (၃)ဦးကို RCSS ယူနီဖောင်းဝတ်အဖွဲ့က ဖမ်းဆီး ငွေတောင်းပြီး တစ်ဦးကို ပစ်သတ်
ဧပြီ 28, 2020
By Tachileik News Agency
တာချီလိတ်တွင် တောင်ယာသွား ဒေသခံ (၃)ဦးကို RCSS ယူနီဖောင်းဝတ်အဖွဲ့က  ဖမ်းဆီး ငွေတောင်းပြီး  တစ်ဦးကို ပစ်သတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ချစ်ထူကျေးရွာတွင်  တောင်ယာစိုက်ရင်း ၊ သစ်ခွဲသားလုပ်နေသည့်  အမျိုးသား (၃) ဦးကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့ နေ့လယ်ပိုင်းက RCSS/SSA ယူနီဖောင်းဝတ်ထားသည့်အဖွဲ့က ဖမ်းဆီးပြီး ငွေကြေးတောင်းခံမှုဖြစ်ပွားရာ  တစ်ဦးသေ ၊ နှစ်ဦးပြန်လွတ်လာကြောင်း သိရသည်။

သူတို့တွေ တောင်ယာသွားရင်း အဖမ်းခံရတယ်လို့ သိရတယ်။ မဖမ်းခင်မှာ ဒါတွေက ငါတို့မြေတွေ မင်းတို့ ဒီမှာလာလုပ်လို့ မရဘူး။ နောက်မလုပ်ဖို့ လာပြောတယ်တဲ့။ အဲဒီတော့ သူတို့ကလည်း ကြောက်တော့ ဟုတ်ကဲ့ပါ နောက်မလုပ်ဘူးလို့ ပြောတယ်တဲ့။ အဲဒီလိုပြောပြီး သူတို့တောင်ယာတဲထဲကို ဝင်ကြည့်တဲ့အခါမှာ ချိန်းစောနဲ့လွှတိုက်ထားတဲ့ ပျဉ်တွေ တွေ့သွားတယ်။ အဲဒါနဲ့ မင်းတို့က ဒါတွေပါလုပ်တယ်ဆိုပြီး (၂)ယောက်ကို ဖမ်းသွားတယ်။ တစ်ယောက်ကိုတော့  ရွာပြန်ပြီး ပိုက်ဆံရှာခိုင်းတယ်။ ပြန်သွားတဲ့တစ်ယောက်က ရွာကိုဖုန်းဆက်တော့ သူ့အဖေက ဘတ် (၆၀,၀၀၀) ကို ရွာသားတစ်ယောက်ကို ပေးခိုင်းလိုက်တယ်။ ပိုက်ဆံသွားပြန်ရှာတဲ့တစ်ယောက်က အဲဒီဘတ် (၆၀,၀၀၀)နဲ့ အဖမ်းခံရတဲ့သူတွေဆီ သွားရွေးတော့ တစ်ယောက်ပြန်လွှတ်လိုက်ပြီး မင်းတို့ကောင်တစ်ယောက်တော့ သတ်ပစ်လိုက်ပြီလို့ ပြောသတဲ့။ သေသွားတဲ့တစ်ယောက်က သူအဖမ်းခံရတာ ဘာကြောင့်အဖမ်းခံရတာလဲ မေးလို့ အသတ်ခံရတယ်ပြောတယ်

ဟု ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၈)ရက်နေ့တွင် ပြောသည်။

လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ ချစ်ထူကျေးရွာမှာ မြောင်ဇီးတိုင်းရင်းသားများ အများစုနေထိုင်ကြပြီး ဧပြီလ (၂၇)ရက်နေ့က ကျေးရွာသားများ အဖမ်းခံရသည့် တောင်ယာနေရာတွင် ဒေသခံ (၄၀) ဝန်းကျင်ခန့်၏ တောင်ယာများ စိုက်ပျိုးထားကြခြင်းဖြစ်ပြီး ယခင်က မည်သည့်အဖွဲ့ကမှ တားဆီးခံရခြင်း မရှိဖူးကြောင်း သိရသည်။

တောင်ယာစိုက်တာ (၆)နှစ်၊ (၇)နှစ်လောက်ရှိပြီ။ အရင်က မတားဖူးဘူး။ ဒီနှစ်မှ လာတားတာ

ဟု ချစ်ထူကျေးရွာသားတစ်ဦးက စကားပြန်မှတစ်ဆင့်ပြောသည်။

ကျေးရွာသား (၂)ဦးမှာ ဧပြီလ (၂၈)ရက်နေ့ နေ့လယ် (၁၂)နာရီဝန်းကျင်တွင် အဖမ်းခံရပြီး ညနေ (၅)နာရီဝန်းကျင်တွင် ငွေကြေးပေးပြီး ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် အဖမ်းခံရသည့်နေရာသို့ တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးကာ အသတ်ခံရသူ၏ အလောင်း တာချီလိတ်နာရေးကူညီမှုအသင်းက သွားရောက် သယ်ဆောင်လာပေးခဲ့ကြောင်း သိရသည်။

သူတို့မြင်တာတော့ RCSS ယူနီဖောင်းတွေ  ဝတ်ထားတဲ့ (၇)ယောက်လောက်အဖွဲ့အပြင်  ကင်းစောင့်နေတာတွေလည်း ရှိတယ်တဲ့။ ဒီတိုင်းသွားလို့မရဘူး။ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေး သွားတာနဲ့ သွားရတယ်။ လမ်းမနဲ့အတော်အလှမ်းဝေးတယ်။ အလောင်းသယ်တာကို ဒီတိုင်းသယ်မရတော့ တပ်မတော်စစ်ကြောင်းနဲ့ သွားပြီး ဆိုင်ကယ်နဲ့သွားသယ်ရတယ်။ အလောင်းကို ဆိုင်ကယ်မှာ  နှစ်ယောက်ညှပ်သယ်လာပြီး လမ်းမပေါ်ရောက်တော့မှ  နာရေးကူညီမှုအသင်းကို သယ်ခိုင်းရတာ

ဟု တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကျေးရွာသားများ ဖမ်းဆီးခံရပြီး တစ်ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ (ပ) ၂၁၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

  Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

***** Update: 29.4.2020 1:15PM *****
တာချီလိတ်မြို့နယ်အတွင်း ကျေးရွာသားတစ်ဦး အသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်သည့် တပ်ဖွဲ့ဝင်များကို RCSS က စစ်ဆေးမှုများ လုပ်ဆောင်နေ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~