မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မေလ (၁)ရက်နေ့ နေ့လယ်ပိုင်းက စိတ်ကြွ ဆေးပြား သယ်လာသည့် အမျိုးသား (၂)ဦးကို ဖမ်းမိရာ ကွင်းဆက်ဖော်ထုတ် ရမိရေးအတွက် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းလမ်းဘက်မှ ဝမ်မိုင်ကွက်သစ်လမ်းဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား (၂)ဦးကို စစ်ဆေးရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသောလက်ဆွဲခြင်း အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား (၄၀,၀၀၀) ပြားကို တွေ့ရှိ သိမ်းဆည်းရမိသည့်အတွက် ၎င်းတို့၏ နေအိမ်ခန်းအား ဆက်လက်ရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်းရှိ သံသေတ္တာအတွင်းမှ ပလတ်စတစ်ကပ် ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား (၅၈,၆၀၀) ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား (၉၈,၆၀၀) ပြားကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် ကိုကိုလွင်နှင့် အာကာလွင်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Tachileik News Agency