မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် COVID 19 ကာကွယ်ရေးအတွက် လုပ်ငန်းများ ယာယီရပ်ဆိုင်းရသည့်ကာလ ထပ်တိုးပါက အများပြည်သူအတွက် လျှပ်စစ်မီတာခ ဆက်လက်လျှော့ချပေးရန် တာချီလိတ်မြို့မီးလင်းရေးကော်မတီ (လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)က စီစဉ်နေကြောင်း သိရသည်။
လုပ်ငန်းရှင်တွေ၊ အစိုးရဌာနတွေ မပါတော့ဘဲ (5) Ampere သုံးတဲ့ အခြေခံလူတန်းစားတွေကို မီတာခ ထပ်လျှော့ပေးဖို့ပေါ့။ စာရင်းအရဆိုရင် အခြေခံလူတန်းစားက (၅၀) ရာခိုင်နှုန်း ကျော်ကျော်ရှိမယ်။ လုပ်ငန်းရှင်တွေက တစ်ဝက်ကျော်ကျော်ရှိမယ်။ သူတို့ကိုတော့ လျှော့မပေးဘူးပေါ့နော်။ မီးလင်းရေးရုံးခွဲ နဲ့တိုင်ပင်ပြီး ဆက်လျှော့ပေးဖို့ ဆွေးနွေးမယ်
ဟု မြို့မီးလင်းရေးကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း) ဥက္ကဌ ဦးတင်လှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
COVID 19 ကာလအတွင်း လျှပ်စစ်မီတာခ လျှော့ချပေးထားသည့် အခြေအနေ၊ အိမ်ရှင်များက အိမ်ငှားများထံမှ လျှပ်စစ်မီတာခကို မီးလင်းရေးမှ ဖြန့်ဖြူးသည့် မီတာခဈေးနှုန်းထက်ပို၍ ကောက်ခံနေသည့် အခြေအနေများနှင့် ပတ်သက်၍ မီးလင်းရေးကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ ၂၀၂၀ ခုနှစ်၊ မေလ (၇)ရက်နေ့၌ ဆွေးနွေးကြပြီး ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
မြို့မီးလင်းရေးကော်မတီက အရင်က တစ်ယူနစ်ကို (၁၅) ပြားလျှော့ပေးထားပြီး နောက် COVID 19 ကာလအတွင်းမှာ ဧပြီနဲ့ မေလအတွက် တစ်ယူနစ်ကို (၁၅) ပြား ထပ်လျှော့ပေးထားတယ်။ အခုလို လျှော့ပေးတာမှာ လုပ်ငန်းရှင်တွေသုံးတဲ့ ပါဝါမီတာတွေ အပါအဝင် အကုန်လုံးကို လျှော့ပေးထားတာပေါ့။ ဒီတော့ ဒီလကုန်ရင် လျှော့ပေးတဲ့ သက်တမ်းကုန်သွားတဲ့အခါ လုပ်ငန်းရှင်မဟုတ်ဘဲ အများပြည်သူသုံးတဲ့သူတွေကို ဘယ်လိုထပ်လျှော့ပေးမလဲဆိုတာ ဆွေးနွေးတယ်။ နောက်တစ်ခုက ထိုင်းဘက်က COVID ကာလလျှပ်စစ်မီတာခ လျှော့ပေးတာမှာ ဒီဘက်ကိုတော့ လျှော့မပေးဘူးလို့ သိရတယ်။ ဒီတော့ လျှော့ပေးဖို့ မီးလင်းရေးကော်မတီက အခုလို ဖုန်းနဲ့တောင်းဆိုတာမျိုး လုပ်မနေဘဲ တရားဝင် စာတင်ပြီး တောင်းဆိုဖို့၊ အဲဒီလိုတောင်းဆိုထားတာကိုလည်း လိုအပ်ရင် ကျွန်တော်တို့ဘက်ကနေ သက်ဆိုင်ရာတွေဆီ ဆက်တင်ပြပေးဖို့ မိတ္တူပေးဖို့ သူတို့နဲ့ ဆွေးနွေးခဲ့တာပါ။ ဒါမှ ကျွန်တော်တို့ဘက်မှာလည်း အများပြည်သူကို မီတာခလျှော့ပေါ့ခံစားခွင့်ပေးလို့ရမှာ ဟု တာချီလိတ်မြို့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ပြောသည်။
ထိုင်းနိုင်ငံက COVID 19 ကာလအတွင်း လျှပ်စစ်မီတာခများ လျှော့ပေါ့ခြင်းကို လုပ်ဆောင်နေသော်လည်း ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို တစ်ဆင့်ဝယ်ယူနေသည့် တာချီလိတ်အတွက် မီတာခလျှော့ပေါ့ပေးထားခြင်းမရှိသော်လည်း မြို့မီးလင်းရေးကော်မတီက ၂၀၂၀ ခုနှစ်၊ ဧပြီလနှင့် မေလအတွက် လျှပ်စစ်မီတာခများကို တစ်ယူနစ်လျှင် ဘတ် (၁၅)ပြားနှုန်း လျှော့ပေါ့ပေးထားခဲ့ခြင်းဖြစ်သည်။
မီးလင်းရေးကော်မတီအနေနဲ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ထိုင်းဘက်ကနေ (၄) မဂ္ဂါဝပ်ထပ်ဝယ်တော့ သူတို့ဘက်က အရင်း (၄)ဘတ်ထားပေးတယ်။ အရင်ကထက် ဈေးလျော့လာတယ်။ အဲဒီအပေါ်မှာ ပြည်သူလူထုကို တစ်ယူနစ်ကို (၁၅) ပြားလျှော့ပေးထားတယ်။ အဲဒါကတော့ အမြဲတမ်း လျှော့ပေးတာပေါ့။ နောက် ကိုဗစ်ကာလမှာ နှစ်လအတွက် တစ်ယူနစ်ကို (၁၅)ပြားထပ်လျှော့ပေးထားတယ်
ဟု မြို့မီးလင်းရေးကော်မတီ ဥက္ကဌ ဦးတင်လှိုင်က ပြောသည်။
COVID 19 ကာလအတွင်း အကျပ်အတည်းကြုံနေရစဉ် ပြည်သူလူထုအတွက် လျှပ်စစ်မီတာခ တတ်နိုင်သမျှ လျှော့ချပေးနိုင်ရး၊ အိမ်ငှားများ မီတာခပိုမိုပေးဆောင်နေရမှု လျှော့ချရေးတို့အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ မြို့မီးလင်းရေးကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)ဥက္ကဌ ဦးတင်လှိုင် (အဆွေတော်)၊ အတွင်းရေးမှူး ဦးစိုင်းဆမ်ဆု၊ မီးလင်းရေးရုံးရုံးခွဲ မန်နေဂျာ ဦးမင်းနိုင်၊ ကော်မတီဝင်လူကြီးများနှင့် တာဝန်ရှိသူများ မေလ (၇)ရက်နေ့က မီးလင်းရေးရုံးတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ - မြို့မီးလင်းရေးကော်မတီ