နယ်စပ်မှ နေရပ်ပြန်အားလုံးနှင့် FQ မှ ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများကိုပါ COVID 19 စစ်ဆေးပေးမည်

နယ်စပ်မှ နေရပ်ပြန်အားလုံးနှင့် FQ မှ ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများကိုပါ COVID 19 စစ်ဆေးပေးမည်
မေ 30, 2020
By Tachileik News Agency
နယ်စပ်မှ နေရပ်ပြန်အားလုံးနှင့် FQ မှ ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများကိုပါ COVID 19 စစ်ဆေးပေးမည်

COVID 19 ဓါတ်ခွဲနမူနာရယူစစ်ဆေးခြင်းကို ၂၀၂၀ ခုနှစ်၊ မေလကုန်မှစ၍ လူဦးရေတိုးမြှင့်လုပ်ဆောင်လာရာ နယ်စပ်မှ နေရပ်ပြန်များအားလုံးနှင့်  နေရပ်ပြန်များအား အသွားအလာ ကန့်သတ်ထားစဉ် ထိတွေ့ကူညီပေးသည့် ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများကိုပါ စစ်ဆေးသွားတော့မည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်တွေအားလုံးကို ကျွန်တော်တို့ အကြောင်းကြားထားပြီးဖြစ်ပါတယ်။ အခုက ကျွန်တော်တို့ PUI (စောင့်ကြည့်လူနာ) အပြင် Primary contact (တိုက်ရိုက်ထိတွေ့သူ) အပြင်ကို Secondary contact (တစ်ဆင့်ထိတွေ့သူ) ကိုပါ ဓါတ်ခွဲနမူနာ ယူလို့ရတယ်။ ဆေးရုံမှာ အသွားအလာကန့်သတ်ထားသူ၊ သတ်မှတ်နေရာမှာ အသွားအလာကန့်သတ်ထားသူ၊ ကျန်းမာရေးဝန်ထမ်း၊ နေရပ်ပြန် တွေကို (၄၀၀)အောက်ဆို အကုန်လုံးကို ယူလိုက်မယ်။ Negative (ပိုးမတွေ့) နေရပ်ကိုပေးပြန်မယ်။ အယောက် (၁,၀၀၀) ကျော်ဆိုရင် ဝေးတဲ့ တိုင်းနဲ့ပြည်နယ်တွေကို ရွေးထုတ်ပြီးတော့မှ ဓါတ်ခွဲနမူနာ အရင်ယူမယ်။ Negative ဖြစ်မှ ပေးပြန်မယ်။ Positive (ပိုးတွေ့) ဖြစ်ရင် ဆေးရုံကြီးတွေကို လွှဲပို့မယ်

ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လူဦးရေတိုးမြင့်စစ်ဆေးတော့မည်ဖြစ်၍ နယ်စပ်ဂိတ်များမှ ဝင်လာသည့် နေရပ်ပြန်များကို နယ်စပ်ဂိတ်ရှိရာ မြို့တွင် သတ်မှတ်ထားသည့် အသွားအလာကန့်သတ်နေတွင် ရက်အနည်းငယ်ထားကာ ဓါတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းအပြင် နေရပ်ပြန်များနှင့်ထိတွေ့သည့် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း (Volunteer) များကိုပါ စစ်ဆေးတော့မည်ဖြစ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းဆတ်၊ မိုင်းယောင်းနှင့် မိုင်းလားမှ မေလ (၂၉)ရက်နေ့၌ ဓါတ်ခွဲနမူနာပို့စစ်သည့် (၄၅) ခုတွင် နေရပ်ပြန်များအား အသွားအလာကန့်သတ်ထားသည့်နေရာ(Facility Quarantine)တွင် ကူညီနေသည့် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများ၏ ဓါတ်ခွဲနမူနာများ ပါဝင်ကြောင်း သိရသည်။

အခု ညွှန်ကြားချက်က နေရပ်ပြန်အားလုံးရယ်၊ နေရပ်ပြန်တွေနဲ့ပတ်သက်လို့ လုပ်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ Volunteer တွေ အကုန်လုံးကို ဓာတ်ခွဲနမူနာယူဖို့ ပြောထားပါတယ်။ မနက်ကတော့ နေရပ်ပြန်အားလုံးရယ်၊ home quarantine ထားတဲ့သူတွေရယ်တော့ ယူထားပြီ။ volunteer တွေတော့ မယူရသေးဘူး

ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံမှ  ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခင်က စောင့်ကြည့်လူနာ (PUI)အဖြစ်သတ်မှတ်သူ၊ အနီးကပ်ထိတွေ့သူ (Close Contact)၊ အခြားနိုင်ငံမှ ပြန်လာသူများအနက် သံသယရှိသူတို့ကိုသာ COVID 19 ဓါတ်ခွဲစစ်ဆေးနိုင်ခဲ့ရာမှ အခြားနိုင်ငံမှ ပြန်လာသည့် အတည်ပြုလူနာများ တွေ့လာရသဖြင့် နေရပ်ပြန်များအား သတ်မှတ်နေရာတွင် အသွားအလာကန့်သတ်ကာ သတ်မှတ်ရက်ပြည့်ချိန်တွင် ရာခိုင်နှုန်းတစ်ခုဖြင့်  ရွေးထုတ်ဓါတ်ခွဲစစ်ဆေးနေခဲ့ခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~