တာချီလိတ်တွင် ညပိုင်းလှည့်ကင်း ဆောင်ရွက်ရာ အိုက်စ်(၃၇၅)ကီလို ဖမ်းဆီးရမိ
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့ နံနက် (၃)နာရီကျော်အချိန်က ရဲတပ်ဖွဲ့၏လှည့်ကင်းအားတွေ့၍ မော်တော်ယာဉ်ရပ်ထားခဲ့ပြီး ယာဉ်မောင်း ထွက်ပြေးသွားသည့် မော်တော်ယာဉ်မှ အိုက်စ် (၃၇၅) ကီလိုဂရမ်ကို ဖမ်းမိကြောင်း သိရသည်။
“ကင်းလှည့်နဲ့စုံစမ်းတာ လုပ်နေတဲ့အချိန်မှာ မနက် (၃)နာရီ (၁၅)မိနစ်မှာ ဆိုင်ကယ် (၂)စီးကို စစ်ဆေးနေတဲ့အချိန်မှာ နောက်က ကပ်လိုက်လာတဲ့ Fortuner အဖြူရောင်ယာဉ်က ယာဉ်ကိုရပ်ပြီး ယာဉ်မောင်း ထွက်ပြေးသွားပါတယ်။ အဲဒါကို မသင်္ကာလို့ သွားကြည့်တော့ မူးယစ်ဆေးဖြစ်နေလို့ လှည့်ကင်းခေါင်းဆောင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇော်မင်းထွန်းက ကျွန်တော့်ဆီကို ဖုန်းဆက်တယ်။ ကျွန်တော် (၁၀)မိနစ်အတွင်းမှာ အဲဒီနေရာရောက်တယ်။ အဲဒီမှာ စစ်တဲ့အခါ မူးယစ်ဆေးဝါးဖြစ်နေတဲ့အတွက် နယ်ထိန်းခေါင်းဆောင်နဲ့အဖွဲ့ကို တရားခံလိုက်လံဖမ်းဆီးဖို့ တာဝန်ပေးခဲ့ပြီး ဒီကားကြီးကို ကျွန်တော်က ရဲတပ်သား ဇော်လင်းအောင်နဲ့အတူ စခန်းကို သယ်ဆောင်လာပါတယ်။ ချက်ချင်းပဲ ခရိုင်မှူးကို သတင်းပို့ထားတော့ ခရိုင်မှူးက ရဲစခန်းမှာ လာစောင့်နေပါတယ်။ ခရိုင်မှူးနဲ့ သက်သေတွေရှေ့မှာ ဖွင့်ဖေါက်စစ်ဆေးခဲ့ရာမှာ အိုက် (၃၇၅)ကီလိုကို ဖမ်းဆီးမိပါတယ်။ ဒါကို တာချီလိတ်ရဲစခန်းမှာ အမှုဖွင့်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်တွင် ဆိုင်ကယ်များ ပျောက်ဆုံးမှု ဖြစ်ပွားမှုများလာ၍ ဖေါ်ထုတ်ဖမ်းဆီးရန် ပြည်နယ်ရဲတပ်ဖွဲ့မှူးက ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၁) ရက်နေ့တွင် တာချီလိတ်မြို့သို့ ရောက်ရှိစဉ် ညွှန်ကြားခဲ့သည့်အတွက် အဆိုပါနေ့မှစ၍ စခန်းမှူးများနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များအား အဖွဲ့များခွဲ၍ တစ်ညလုံး ကင်းလှည့်ဖမ်းဆီးခြင်းကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။
ယင်းသို့ လှည့်ကင်းဖြင့် ဖမ်းဆီးရာတွင် သြဂုတ်လ (၁၁)ရက်နေ့ ညက ဆိုင်ကယ်တစ်စီးဖြင့် လူငယ်အမျိုးသား (၃)ဦးကို ဆိုင်ကယ်ခိုးယူရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများနှင့်အတူ ဖမ်းမိ၍ ဖေါ်ထုတ်စစ်ဆေးရာမှ ခိုးယူထားသည့် ဆိုင်ကယ်များအား ပုံပြောင်းရောင်းဝယ်ပေးနေသည့် ဝပ်ရှော့ဆရာ (၃)ဦးကနို ဖော်ထုတ်ရမိပြီး ဆိုင်ကယ် အစီးပေါင်း (၁၂)စီးကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုင်ကယ်ခိုးယူရောင်းချနေသည့်အဖွဲ့မှ ဆိုင်ကယ် (၁၂)စီးကို သြဂုတ်လ (၁၂)ရက်နေ့က ဖေါ်ထုတ် သိမ်းဆည်းရမိသော်လည်း နောက်ထပ် ခိုးယူခံထားရသည့်ဆိုင်ကယ်များကို ဖေါ်ထုတ်ရန်ရှိသဖြင့် လှည့်ကင်းအဖွဲ့များက စစ်ဆေးနေစဉ် မူးယစ်ဆေးများကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးသယ်ဆောင်လာသည့် မော်တော်ယာဉ်သည် မြို့တွင်းမှ မြို့ပြင်ဘက်သွားရန် ဦးတည်သည့် ဝိန်းကျောက်ရပ်ကွက်အပိုင်း လမ်းကြောင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency