ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အား သြဂုတ်လ (၂၀)ရက်နေ့ ည (၈)နာရီမှစ၍ Stay at Home စတင် သက်ဝင်ကြောင်း အမိန့်ကြေညာ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် လတ်တလောတွေ့ရသည့် COVID 19 အတည်ပြုလူနာများမှာ ပြည်တွင်းကူးစက်မှုအဖြစ် တွေ့လာသဖြင့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့ ည(၈)နာရီမှစ၍ ပြည်သူများ မိမိနေအိမ်တွင်သာ နေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်လိုက်သည်။
စစ်တွေမြို့နယ်တွင် ပြည်ပခရီးသွားလာခြင်းမရှိ၊ အတည်ပြုလူနာနှင့် ထိတွေ့ခြင်းမရှိသည့် COVID 19 အတည်ပြုလူနာ (၁)ဦးကို သြဂုတ်လ (၁၆)ရက်နေ့က စတင်တွေ့ရပြီးနောက် သြဂုတ်လ (၂၀)ရက်နေ့ ည(၈)နာရီအထိတွင် အတည်ပြုလူနာ (၉)ဦးအထိ တိုးလာခြင်းဖြစ်သည်။
ပြည်သူများ မိမိနေအိမ်တွင် နေထိုင်ရေး (Stay at Home) ကြေညာထားသည့် မြို့နယ်တွင် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမှအပ မိမိနေအိမ်တွင်သာ နေထိုင်ရန်၊ မဖြစ်မနေ ဈေးဝယ်ထွက်ရပါက တစ်အိမ်လျှင် တစ်ဦးသာထွက်ရန်၊ ဆေးရုံ၊ဆေးခန်းသွားရောက်ရန် ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊ နေအိမ်ပြင်ပသွားတိုင်း Mask တပ်ရန်၊ တာဝန်ထမ်းဆောင်ရန်သါားသူများကို ကြိုပို့ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသည့် ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊ ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံဆေးခန်းသွားရန် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာသွားရောက်ရန် စသည့်အချက်များကို လိုက်နာကြရမည်ဖြစ်သည်။
အရေးပေါ်ကိစ္စများရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ ခွင့်ပြုမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာအတွင်း ဝင်/ထွက်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
အမိန့်ကို လိုက်နာရန်ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ကြေညာထားသည်။
Tachileik News Agency