ရှမ်းပြည်နယ်( မြောက်ပိုင်း ) လားရှိုးမြို့တွင် Covid-19 ထိန်းချုပ်၊ ကာကွယ်ရေးကော်မတီ၏ ညွှန်ကြားချက်အား မလိုက်နာဘဲ ဖွင့်လှစ်နေသော KTV၊ အနှိပ်ခန်းမှ ဆိုင်ရှင်အပါအဝင် အမျိုးသမီး (၈) ဦးနှင့် အမျိုးသား (၁၁) ဦးတို့အား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့ ည (၁၁) နာရီခွဲတွင် ဖမ်းမိထားကြောင်း သိရသည်။
နားမခေါ်ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် လားရှိုးခရိုင်မှုခင်းအကူ ဌာနစိတ်မှတပ်ဖွဲ့များသည် စက်တင်ဘာလ (၃)ရက်နေ့က KTV/ အနှိပ်ခန်းများ အား ရှောင်တခင် လိုက်လံစစ်ဆေးရာ လားရှိုးမြို့၊ ရပ်ကွက် (၁)၊ နယ်မြေ (၉) ရှိ SMART-2 ( KTV )မှာ ဖွင့်လှစ်ထားသည်ကို တွေ့ရသဖြင့် ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ KTV မှ ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်သဇင်နှင့် KTV အနှိပ်ခန်းနေသူ အမျိုးသမီး (၇) ဦး၊ အမျိုးသား (၁၁) ဦးတို့ကို တစ်ပါတည်းတွေ့ရသဖြင့် သက်သေခံပစ္စည်းများနှင့်အတူ သိမ်းဆည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများအား လားရှိုးမြို့မရဲစခန်းတွင် (ပ) ၄၄၆/၂၀၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Covid-19 ထိန်းချုပ်၊ ကာကွယ်ရေး ကော်မတီမှ ညွှန်ကြားချက်အတိုင်း လိုက်နာမှုရှိ၊ မရှိကို လိုက်လံစစ်ဆေးပြီး လိုက်နာမှုမရှိသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။