ရှမ်းပြည်နယ်တွင်းမှ အခြားတိုင်းနှင့်ပြည်နယ်များသို့ ထွက်ခွာမည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို COVID 19 စစ်ဆေးပေးမည်
ရှမ်းပြည်နယ်တွင်းမှ ကုန်တင်ယာဉ်များ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့မှစ၍ ပြည်နယ်ပြင်ပ ထွက်ခွာလိုပါက COVID 19 စစ်ဆေးပေးမည်ဖြစ်ပြီး ပြည်နယ်တွင်းပြန်ဝင်ပါက (၁၄) ရက် facility quarantine ဝင်ရန် အောက်တိုဘာလ (၄)ရက်နေ့၌ ညွှန်ကြားထားသည်။
ရှမ်းပြည်နယ်တွင်းမှ ဒေသထွက်ကုန် တင်ပို့ရောင်းချရန် ပြည်နယ်ပြင်ပထွက်ခွာလိုသည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကလောမြို့နယ်၊ နောင်ချိုမြို့နယ်၊ မူဆယ်မြို့နယ်နှင့် ချင်းရွှေဟော်မြို့တို့တွင် RDT(Rapid Antigen Diagnostic Test Kit)များဖြင့် စစ်ဆေးပေးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြတ်သန်းနိုင်ရန် ကျန်းမာရေးထောက်ခံချက် ထုတ်ပေးမည်ဖြစ်သည်။
ရှမ်းပြည်နယ်တွင်း COVID 19 ကာကွယ်ထိန်းချုပ်ရေးလုပ်ဆောင်ရန်အတွက် ကုန်တင်ယာဉ်များ ဝင်ထွက်သွားလာခြင်းကို ကန့်သတ်ရန် အောက်တိုဘာလ (၁)ရက်နေ့က ညွှန်ကြားချက်တွင် ပြည်နယ်တွင်းမှ ကုန်တင်ယာဉ်များ ပြည်နယ်ပြင်ပထွက်ခွာခွင့်ကို ကန့်သတ်ထားရာမှ ရှမ်းပြည်နယ် COVID 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက အောက်တိုဘာလ (၄)ရက်နေ့၌ ညွှန်ကြားချက်အသစ်ဖြင့် ပြည်နယ်ပြင်ပထွက်ခွင့်ပေးလာခြင်းဖြစ်သည်။
“ရောဂါပိုးရှိ မရှိကို RDT ( Rapid Antigen Diagnostic Test kit )များနဲ့ စစ်ဆေးပေးသွားမည်ဖြစ်ပါတယ်။ Negative result ထွက်ရှိသူများကိုသာ ဆက်လက်ထွက်ခွာပြုမည်ဖြစ်ပြီး ယင်းထွက်ခွာခွင့်ရရှိသောယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်များသည် ရှမ်းပြည်နယ်သို့ ပြန်လည်ဝင်ရောက်လာပါကလည်း သက်ဆိုင်ရာမြို့နယ်များမှာ FQ ဝင်ရောက်ရမည် ဖြစ်ပါသည်။"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အောက်တိုဘာလ (၄) ရက်နေ့က သတင်းထုတ်ပြန်ပေးထားသည်။
ရှမ်းပြည်နယ်အတွင်း အဝေးပြေးကုန်တင်ယာဉ်မောင်းများတွင် COVID 19 ပိုးတွေ့လာရသဖြင့် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၄)ရက်နေ့အတွင်း ပြည်နယ်တွင်း ကုန်တင်ယာဉ် ဝင်ထွက်မှုများကို စိစစ်ထိန်းချုပ်ပြီးဆောင်ရွက်နေခြင်းဖြစ်သည်။