၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်း ရပ်ဆိုင်းရမည့် ကာလအတွင်း အွန်လိုင်းပေါ်ကတဆင့် မဲဆွယ်စည်းရုံးခြင်းကိုပါ ရပ်ဆိုင်းထားရမည်
၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် မဲဆွယ်စည်းရုံးခွင့်လုံးဝရပ်နားရမည့် နိုဝင်ဘာလ (၆) ရက်နေ့၊ ည (၁၂) နာရီအချိန်မှစတင်ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် စည်းရုံးရေး ပို့စ်တင်ခြင်းကိုပါ ရပ်ဆိုင်းရမည်ဖြစ်သည်။
"နိုဝင်ဘာလ (၆) ရက်နေ့ ည (၁၂) နာရီကနေစပြီး နိုဝင်ဘာလ (၈) ရက်နေ့အထိ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ် လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ စည်းရုံး ဟောပြောခြင်းနှင့် မဲဆွယ်ခြင်းကို ရပ်နားရမည့်ကာလအတွင်း လူမှုကွန်ယက်စာမျက်နှာများနှင့် မီဒီယာများမှ မဲဆွယ်စည်းရုံးရာရောက်သည့် Post များ၊ အကြောင်းအရာများ လွှင့်တင်ခြင်းမပြုရန် အသိပေးကြေညာအပ်ပါသည်လို့ UEC က ကြေညာထားပါတယ်။ အရင်ကတင်ထားတဲ့ ပို့စ်တွေကတော့ ဒီတိုင်းထားလို့ရမှာပါ။ အဲဒီသတ်မှတ်တဲ့အချိန်ကစပြီး နောက်ထပ် ပို့စ်ထပ်တင်တာ၊ ထုတ်လွှင့်တာ လုပ်လို့မရတော့ဘူး"ဟု တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရန်နောင်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းများအားလုံးကို နိုဝင်ဘာလ (၆)ရက်နေ့ ည (၁၂)နာရီမှစ၍ လုံးဝရပ်နားရမည်ဖြစ်ရာ ယခင်က မဲဆွယ်စည်းရုံးရန်စိုက်ထူထားသည့် ပိုစတာများ၊ ဗီနိုင်းများ၊ ဆိုင်းဘုတ်များ ဖြုတ်သိမ်းခြင်းများ ဆောင်ရွက်သည့်နည်းတူ facebook၊ Twitter စသည့် လူမှုကွန်ယက်စာမျက်နှာများတွင် ထုတ်လွှင့်ခြင်းကိုလည်း ရပ်နားကြရမည်ဖြစ်သည်။
“ချိုးဖောက်မှုရှိရင်တော့ ကန့်ကွက်စာတင်ရမှာပေါ့။ ကျွန်တော်တို့ကလည်း UEC ကိုအဆင့်ဆင့်တင်မှာပဲ။ Action (အရေးယူခြင်း) ယူမှာက UEC ကယူမှာပေါ့။ ကျွန်တော်တို့ ခရိုင်က Action မယူဘူး။ ကျွန်တော်တို့က ခေါ်ပြီးသတိပေးတာတော့ လုပ်မှာပေါ့။ တစ်ချို့တစ်လေကလည်း ကိုယ့်ရဲ့ဆိုင်းဘုတ်ကိုမေ့ပြီးတော့ (၆) ရက်နေ့ ည (၁၂) နာရီနောက်ပိုင်းပေါ့၊ ည (၁၂) နာရီထိက မဲဆွယ်စည်းရုံးခွင့်ရှိတယ်။ ဒီနောက်ပိုင်းမေ့လျော့ပြီးမဖြုတ်မိရင် သက်ဆိုင်ရာခရိုင်ကော်မရှင်ကတော့ ခေါ်ယူသတိပေးမှာပေါ့။ ခင်ဗျားဆိုင်းဘုတ် မဖြုတ်ရသေးဘူး။ သွားပြီးဖြုတ်လိုက်ဦးပေါ့။ တစ်စုံတစ်ယောက်ကိုမဲပေးဖို့ ဒါမှမဟုတ် မဲမပေးဖို့ ခြိမ်းခြောက်တာတို့၊ လာဘ်ပေးလာဘ်ယူလုပ်တယ်တို့ဆိုရင် ရဲအရေးပိုင်အမှုနဲ့ သူ့ကိုတရားစွဲလို့ရတယ်။ ထင်ရှားရင်တော့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်က ရပ်ဆိုင်းရမှာပေါ့”ဟု တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရန်နောင်စိုးက ပြောသည်။
၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပမည်ဖြစ်သည်။
Tachileik News Agency