မကွေးတိုင်းတွင် COVID 19 အတည်ပြုလူနာမှတစ်ဆင့် ထပ်မံကူးစက်ခံရသူတိုးလာ၍ ပြည်သူများ အထူးဂရုပြုရန် ကျန်းမာရေးဌာနက သတိပေး
မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့အတည်ပြုလူနာများနှင့်ထိတွေ့သည့် Positive contact လူနာ များ ထပ်တိုးတွေ့ရှိလာနေသည့်အပြင် သေဆုံးမှုများပါရှိလာ၍ ပြည်သူများအနေဖြင့် အထူးဂရုပြု ဆင်ခြင်ကြရန် မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက သတိပေးထားသည်။
“ဒီနေ့ နိုဝင်ဘာ(၇) ရက် နေ့မနက် (၈) နာရီ (၄၅) မိနစ်အချိန်ထုတ်ပြန်ချက်အရ မကွေးက (၆) ဦး၊ ပခုက္ကူက (၅) ဦး၊ ချောက် (၅) ဦး၊ မြို့သစ် (၄) ဦး၊ ပေါက် (၃) ဦး၊ ရေနံချောင်း (၁) ဦး၊ စုစုပေါင်း (၂၄) ဦးထပ်တိုးတွေ့ရှိပါတယ်။ အဲဒီ (၂၄) ဦးမှာ မကွေးက (၅) ဦးနဲ့ ပခုက္ကူက (၁) ဦးတို့ဟာ ပိုးတွေ့အတည်ပြုလူနာများနဲ့ ထိတွေ့မှုရှိသူများဖြစ်ကြပြီး ကျန်တာတွေကတော့ ရန်ကုန်ပြန်၊ ရခိုင်ပြန် Quarantine Centre တွေက ဖြစ်ပါတယ်။ Positive contact ပိုးတွေ့လူနာတွေ ထပ်တိုးတွေ့ရှိလာနေတာကြောင့် တိုင်းဒေသကြီးတခုလုံးက ပြည်သူတွေအနေနဲ့ အထူးဂရုပြု ဆင်ခြင်ကြဖို့ လိုနေပါပြီ”ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အသစ်ထပ်တိုးတွေ့ရှိသူ (၅) ဦးမှာ နိုဝင်ဘာ (၅) ရက်နေ့က သေဆုံးခဲ့သည့် သိင်္ဂါဂီရိရပ်ကွက်နေ အသက်(၇၂)နှစ်အရွယ်ရှိ ပိုးတွေ့လူနာ၏ မိသားစုဝင်များဖြစ်ကြောင်းသိရှိရပြီး အဆိုပါလူနာနှင့် ဆက်စပ်ပိုးတွေ့ရှိသူ (၈)ဦးအထိ ရှိသွားပြီဖြစ်ကြောင်း သိင်္ဂါဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးခန့်ထံမှ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း နိုဝင်ဘာ(၇)ရက် နံနက်ပိုင်းအထိ COVID-19 ပိုးတွေ့လူနာစုစုပေါင်း (၇၆၄) ဦးရှိပြီဖြစ်ပြီး နိုဝင်ဘာ(၅)ရက်နေ့ နံနက်ပိုင်း၌ မကွေးမြို့မှ (၁)ဦး၊ ညပိုင်းတွင် မင်းဘူးမြို့နယ် ကျောက်စံကျေးရွာမှ (၁)ဦး သေဆုံးခဲ့သဖြင့် ပိုးတွေ့သေဆုံးသူ(၂)ဦးအထိ ရှိလာခြင်းဖြစ်သည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-Si Phyo Thu