တာချီလိတ်မှ ကျောက်မဲမြို့သို့ ပြန်လာ၍ Quarantine ထားသည့် အမျိုးသားအား ရည်းစားဖြစ်သူမှ အုတ်တံတိုင်းကျော်ဝင်ကာ ခိုးတွေ့သည့်အတွက် အမှုဖွင့်အရေးယူထား
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် Quarantine ထားသည့် အမျိုးသားအား အုတ်တံတိုင်းကျော်ပြီး ဝင်ရောက်တွေ့ဆုံသည့် အမျိုးသမီးတစ်ဦးကို မြို့နယ်ကိုဗစ်ကော်မတီက အမှုဖွင့်အရေးယူထားသည်။
"သူက ခိုးဝင်ပြီး သူ့ရည်းစားကို ဝင်တွေ့တယ်၊ အဲ့ဒါကို အတိအကျ သတင်းရလို့စောင့်ပြီး ဖမ်းပေးကြတာပေါ့၊ ညတွင်းချင်းပဲ ရဲ လက်အပ်ပြီး အမှုဖွင့်ထားတယ်"ဟု ကျောက်မဲမြို့နယ် ကိုဗစ်ရောဂါ တားဆီးကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ မှ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း က တာချီလိတ် သတင်း အေဂျင်စီသို့ ပြောသည်။
တာချီလိတ်က ပြန်လာပြီးကျောက်မဲရှိ အထက ( ၃ ) Quarantine စင်တာတွင် အသွားအလာ ကန့်သတ်ထားသော အမျိုးသားတစ်ဦးထံသို့ ၎င်း၏ ရည်းစားဆိုသူ ဖြစ်သူ ရပ်ကွက်( ၁ ) ပြိန်းနင်ရပ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့က အုတ်တံတိုင်းကျော်ဝင်၍ တွေ့ဆုံခြင်း၊ ခိုးထုတ်၍ ခေါ်ဆောင်သွားခြင်းများ ရှိနေသည့်အတွက် ပတ်ဝန်းကျင်နှင့် တာဝန်ရှိသူများက စောင့်ကြည့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမျိုးသမီးကို ပုဒ်မ-၂၉ ( အမိန့်ထုတ်ပြန်ထားပြီး တားမြစ်ထားသောနေရာအတွင်း ကျူးကျော်ဝင်ရောက်မှု)ဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး Quarantine Center အတွင်းကျူးကျော်ဝင်ရောက်ခြင်း ဖြစ်သည့်အတွက် အမှတ် (၈)ရပ်ကွက်ရှိ အလက( ၃ )တွင် အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။
Tachileik News Agency