တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏ ထီးတော်အသစ် တင်လှူပူဇော်ပွဲကို သင်္ကြန်ကာလ မတိုင်မီ ပြုလုပ်ရန် စီစဥ်နေပြီး ယင်းအခမ်းအနားသို့ အာဏာသိမ်းစစ်ခေါင်းဆောင် တက်ရောက်မည်ဟု သတင်းပေါ်နေကြောင်း သိရသည်။
ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးကို ပြီးခဲ့သည့် လပိုင်းက စတင်၍ ရွှေသင်္ကန်းကပ်လှူနေခြင်း ဖြစ်ကာ ထီးတော်အသစ် တင်လှူပူဇော်ရန်အတွက် ကြိုတင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
❝ထီးတင်ဖို့အတွက် မတ်လကတည်းကပေါ့ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်နေတာ။ ထီးတော်တင်ရင် မင်းအောင်လှိုင် လာမယ်ဆိုလို့ ကြိုပြင်ရတဲ့သဘော။ ❞ ဟု တောင်ကြီးမြို့ခံ Tachileik News Agency ကို ဧပြီလ(၃)ရက်နေ့တွင် ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လျက်ရှိသော အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ထီးတော်တင် လှူပူဇော်ပွဲကို မပြုလုပ်ဘဲ ခေတ္တ ဆိုင်းငံ့ရန်အတွက် မြို့ခံများက ဆန္ဒရှိနေကြသည်။
❝ ငလျင်ကြောင့် အားလုံးပူဆွေးသောက ရောက်နေချိန်မှာ ထီးတင်ပွဲ လုပ်ရင် မသင့်တော်ဘူးလို့ မြင်တယ်။ မင်းအောင်လှိုင်လာမှာကြောင့် မဖြစ်မနေ ထီးတင်ပွဲ လုပ်မယ်ဆိုတာမျိုးလည်း ပြောနေကြတယ်။ ဘုရားက ပြည်သူတွေ ကိုးကွယ်တဲ့ဘုရား၊ မင်းအောင်လှိုင် တစ်ယောက်တည်း ကိုးကွယ်တဲ့ဘုရား မဟုတ်ဘူး။ ပြီးတော့ ဖဒိုကိုရင်ကြီး ရှင်ဝိဇ္ဇာဗလ က အခါတော်ပေးတာလို့လည်း ပြောကြတယ်။ အချိန်ခဏ စောင့်ပြီးမှ ထီးတော်ကို တင်စေချင်တာပါ။ ❞ ဟု နောက်ထပ် ဒေသခံ တစ်ဦးက ပြောသည်။
ရွှေဘုန်းပွင့်ဘုရားသည် တောင်ကြီးမြို့၏ အရှေ့ဘက် တောင်တန်းကြီးအလယ်တွင် တည်ရှိ၍ ဒေသခံများ၏ ယုံကြည်ကိုးကွယ်မှု အားကောင်းသော ဘုရားတစ်ဆူ ဖြစ်ကာ တောင်ကြီးမြို့ကို အပေါ်စီးမှ လှမ်းမျှော်ကြည့်ရှုနိုင်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်လည်း တာချီလိတ်ရွှေတိဂုံစေတီတော်အား ရွှေသင်္ကန်းကပ်လှူနေခြင်းနှင့် စိန်ဖူးတော်တင်လှူခြင်းတို့အတွက် ရေစက်ချအခမ်းအနားကို ထီးတော်အသစ် ဧပြီလ(၂)ရက်နေ့တွင် အခမ်းအနားကျင်းပပြုရန် စီစဉ်ထားခဲ့သော်လည်း ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလ သတ်မှတ်ထားသည့်အတွက် ရက်ရွှေ့ဆိုင်းခဲ့ရကြောင်းလည်း သိရသည်။
တာချီလိတ်ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းကပ်လှူနေခြင်းနှင့် စိန်ဖူးတော်တင်လှူခြင်းတို့အတွက် ရေစက်ချအခမ်းအနားသို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။