မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် နွေရာသီ သင်္ကြန်ကာလအတွင်း မယ်ဆိုင်ချောင်းထိပ်တွင် နှစ်စဉ် ဖွင့်လှစ်လေ့ရှိသည့် စားသောက်ဈေးဆိုင်ခန်းများ၏ ဈေးသည်များသည် ယခုနှစ်တွင် မယ်ဆိုင်ချောင်းရေမှာ ပိုမို ညစ်ညမ်းလာမှုကြောင့် ရေလာကစားရင်း စားသောက်မည့်သူ နည်းပါးလာနိုင်သည့်အတွက် ယခုနှစ်တွင် ဈေးမရောင်းချင်ကြသော်လည်း ဈေးပွဲစီစဉ်သူ လွယ်တော်ခမ်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ကျေးရွာရန်ပုံငွေရရှိရေး အတွက်ဟုဆိုကာ အတင်းအဓမ္မစီစဉ်နေခြင်းကြောင့် တားမြစ်ပေးနိုင်ရေး တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမျိုး၏ အကူအညီကို ဈေးသည်များက လိုအပ်နေကြသည်။
" ဆိုင်မဖွင့်ချင်သူတွေ ဘယ်လိုအခက်အခဲတွေရှိလဲ အဆင်မပြေဘူးဆိုရင် ဘယ်လိုဆက်လုပ်ကြမလဲ ဆိုပြီး တိုင်ပင်ကြတော့ တော်တော်များများက မဖွင့်ချင်ကြဘူး။ အဲ့တော့ ဘယ်လို လုပ်ကြမလဲဆိုပြီး တိုင်ပင်တော့ ရေချောင်းပေါ်မှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အချက်အလက်တွေနဲ့ အသနားခံစာတင်မယ်ဆိုပြီး လုပ်ဖို့ စီစဉ်ထားတာ။ အသနားခံစာကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရယ် ခရိုင်အုပ်ချုပ်ရေးမှူးနဲ့မြို့နယ်အုပ်ချုပ်ရေးမှူးထံ (၃)နေရာ တင်မှာပေါ့နော်။ အဲ့လို စာတင်မယ်ဆိုတာကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက လူတွေ သိသွားတော့ သူတို့က ပြောတယ် အသနားခံစာတင်တယ်ဆိုတာက ကန့်ကွက်တာဖြစ်တယ်ပေါ့။ တကယ်လို့ အသနားခံစာ တင်တယ်ဆိုရင်တော့ သူတို့က မစောင့်ဘူးပေါ့။ အသနားခံစာ တင်မဲ့သူတွေက ကန့်ကွက်သူတွေဖြစ်တဲ့အတွက် ဈေးဆိုင်နေရာမပေးတော့ဘူး သူများကိုပဲ ပေးလိုက်မယ်ဆိုပြီး အဲ့လို ပြောလာတယ်။ အဲ့နေ့က ဥက္ကဌတော့ မရှိဘူး ရုံးက လူက ပြောတာ"ဟု ဈေးသည်တစ်ဦးက Tachileik News Agency သို့ ၂၀၂၅ခုနှစ် မတ်လ(၉)ရက်နေ့တွင် ပြောသည်။
ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများသည် နိုင်ငံတော်လခစာများဖြစ်ပြီး ၎င်း၏ လုပ်ငန်းတာဝန်များ နှင့် ရပ်ကွက်အတွင်း လိုအပ်ချက်များကို လက်တွဲလုပ်ဆောင်ရန် အဓိက အထောက်အကူပြုအဖြစ် ၂၀၁၂ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ၏ အခန်း(၁၄)ပါ ပြဌာန်းချက်များအရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရေးတစ်ဦးကိုသာ ထားရှိစေရမည်ဖြစ်သော်လည်း တာချီလိတ်မြို့ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် အုပ်ချုပ်ရေးမှူးနှင့်စာရေးအပြင် အခြားလူပိုများကို ထားရှိပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးကဏ္ဍများတွင် ဝင်ရောက် စွက်ဖက်လေ့ရှိသော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးများက ကြပ်မတ်မှု အားနည်းသည်။
"တာချီလိတ်မှာက စီးပွားရေးက အရင်လို မကောင်းတော့ဘူး။ (၂၄)နာရီ မီးကလည်းမရသလို ရောင်းသူ နဲ့ ဝယ်သူဆို ရောင်းသူတွေပဲ များလာတယ်။ ရှားပါးလာတဲ့ အခြေအနေမှာ အရင်ပြုတ်သွားရင် ဘာမှ လုပ်မရတော့ဘူး။ ဒီချောင်းမှာ ရင်းနှီးမြှုပ်နှံဖို့ဆိုတာကလည်း ငွေအနည်းအငယ်နဲ့မရဘူး။ အဲ့ဒါကြောင့် အရင်းပြုတ်မှာ ကြောက်ကြတာပါရှင်"ဟု ဈေးသည်တစ်ဦးက ပြောသည်။
ဈေးသည်များမှာ ပုံမှန်အခြေအနေဆိုလျှင် ဈေးရောင်းချင်ကြသော်လည်း မိုင်းဆက်ဘက်တွင် ရွှေတူးဖော်သည့် နုန်းမြေများ ဝင်ရောက်နေမှုကြောင့် လက်ရှိ မယ်ဆိုင်ချောင်းအတွင်း ရေများမှာ ပိုမိုညစ်ညမ်းလာနေပြီး ဈေးသည်များ အရင်းပြုတ်မည့် အခြေအနေနှင့်အတူ အခက်အခဲများစွာရှိနေခြင်းကြောင့် ယခုနှစ်တွင် ဈေးဆိုင်ဖွင့်လှစ်ရန် ခေတ္တနားမည့် ဈေးသည်များ၏ သဘောဆန္ဒကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က လက်မခံခြင်းကြောင့် ခရိုင်၊မြို့နယ်အထိ အသနားခံစာတင်ရန် စီစဉ်နေကြသော်လည်း ဈေးပွဲ စီစဉ်သူများက အတင်းအဓမ္မ ဖိအားပေး ခြိမ်းခြောက်မှုကြောင့် လက်မှတ်ထိုးလိုက်ရကြောင်း သိရသည်။
"တနေ့က ခေါ်တွေ့တုန်းက ဥက္ကဌကတော့ ပြောတယ် လူအများစုကတော့ ဖွင့်ချင်ကြတယ်။ လူနည်းစုကပဲ မဖွင့်ချင်တာဆိုပြီး ပြောတယ်။ ဈေးက ရောင်းချင်ပေမဲ့ လက်ရှိ ချောင်းရေက ညစ်ညမ်းနေတော့ လူတွေ လာချင်မှာ မဟုတ်တဲ့အကြောင်းနဲ့ အခြေအနေကို ပြောလိုက်ပြန်တော့လည်း ဥက္ကဌက ရှုံးမှာ ကြောက်ရင် နင်တို့ မဖွင့်နဲ့တဲ့။ ဖွင့်ချင်သူက လာဖွင့်လိမ့်မယ်တဲ့။ ဒါပေမဲ့ ဒီနှစ်မှာ လာမဖွင့်ရင် နာမည်ကို တခါတည်းပယ်လိုက်ပြီး အဲ့ဒီဆိုင်ခန်းနေရာကို တခြားဈေးသည်ကို လေလံပေးလိုက်မယ်လို့ ပြောတယ်။ အဲ့လိုဆိုရင် ဒီနှစ်လာမရောင်းရင် နောက်နှစ်တွေလည်း လာရောင်းခွင့် မရှိတော့ဘူး ဖြစ်သွားတယ်။ သဘောက ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မရှိတဲ့ အခြေအနေပေါ့။ ဥက္ကဌက အဲ့လို ပြောလာတော့ မဖွင့်ချင်ဘူးလို့ ပြောတဲ့ ဈေးသည်တွေကလည်း နောက်နှစ် ဆိုင်ခန်းနေရာ မရမှာဆိုးလို့ ဥက္ကဌရဲ့ ဖိအားပေးမှုကြောင့် ရောင်းမယ်ဆိုပြီး လုပ်လိုက်ရတယ်။ အဲ့ဆို ရောင်းမဲ့ သူတွေ လက်မှတ်ထိုးဆိုပြီး အတင်းလက်မှတ်ထိုးခိုင်းတော့ ဈေးသည်တွေကလည်း လက်ရှိအခြေအနေထက် နောက်နှစ်တွေ မရောင်းရမှာ ကြောက်လို့ လက်မှတ်ထိုးခဲ့ကြရတယ်။ ဈေးသည်တွေက အခုမှ စရောင်းသူတွေ မဟုတ်ဘူး။ အနည်းဆုံး (၁၀)နှစ်ကနေ နှစ်(၂၀)အကြာ ရောင်းချလာတဲ့ ဈေးသည်တွေ ပါတယ်ဆိုတော့ နေရာကို မဆုံးရှုံးချင်ကြဘူး"ဟု ဈေးသည်တစ်ဦးက ပြောသည်။
"မဖွင့်ချင်ဘူးလို့ ပြောတဲ့ ဈေးသည်တော်တော်များများကလည်း နောက်နှစ်ကျရင် ဆိုင်ခန်းနေရာ ပြန်မရမှာ ကြောက်တဲ့ တစ်ခုတည်းကြောင့် ခေါင်းငြိမ့်ကြပေမဲ့ ကွယ်ရာမှာတော့ မဖွင့်ချင်ဘူးဘဲပြောတယ်။ ဖိအားပေးခံရတော့ ကြောက်ကြတာများတယ်။ အရင်လို အနေအထားဆို သူတို့တွေ ဖိအားပေးရဲမှာမဟုတ်ဘူး။ အခု ခေတ်ကာလကြောင့် သူတို့တွေက အခွင့်ကောင်းယူပြီး ဖိအားပေး ခြိမ်းခြောက်သလို ပြောဆိုတော့ ကြောက်သွားကြတာလည်း ပါတာပေါ့။"ဟု ၎င်းက ဆက်ပြောသည်။
မယ်ဆိုင်ချောင်းရေ ညစ်ညမ်းမှုကြောင့် ချောင်းရေးကို အသုံးပြုရန်မှာလည်း အဆင်မပြေနိုင်ဟုဆိုသည်။
"လက်ရှိအနေအထားမှာက ရေက လုံးဝ မကောင်းဘူး။ ကျွန်မတို့က ပုံမှန်ဆိုရင် ဒီချောင်းက ရေတွေကိုလည်း ဆေးကြောရေးတွေမှာ အသုံးပြုရတယ်။ သွယ်ထားတဲ့ရေကိုလည်း သုံးတယ်။ ရေသွယ်ပေးတဲ့ အနေအထားကလည်း အလုံအလောက်မရှိတော့ မယ်ဆိုင်ချောင်းရေကို ပြန်သုံးရတာလည်းရှိတာပေါ့။ အခုက ရေကြောက ရှာရ မရ မသိဘူး။ ရေချောင်းရေကတော့ အခု ဆိုးဆိုးရွားရွားဖြစ်နေတာ။ ဥက္ကဌကတော့ ရှေ့ချောင်းက ရေကိုသုံးဆိုပြီးပြောတော့။ ဆိုင်အင်အားနဲ့ ရေရှိသလောက်ကလည်း အဆင်မပြေနိုင်ဘူးလေ"ဟု ဈေးသည်တစ်ဦးက ပြောသည်။
မယ်ဆိုင်ချောင်းရေ ညစ်ညမ်းနေမှုကြောင့် အရင်းပြုတ်မည်ကို စိုးရိမ်၍ ဈေးဆိုင်ခန်း မဖွင့်လိုကြသည့် ဈေးသည်များက ယခုနှစ် ဈေးဆိုင်မဖွင့်ဖြစ်ပါက နောက်နှစ်တွင် ဆိုင်ခန်းနေရာ မပျောက်ရေး လိုလားနေပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမျိုး အနေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ကြပ်မတ်ပြောပေးရန် လိုအပ်နေကြောင်း သိရသည်။
"တကယ်တော့ စီစဉ်သူတွေအနေနဲ့ နင်တို့ စိတ်သဘောအတိုင်း လာရောင်းချင်မှ လာရောင်း။ ဒီနှစ် လာမရောင်းဖြစ်လည်း နောက်နှစ် လာရောင်းပေါ့ လို့ ပြောရမှာ မဟုတ်လား။ အခုက ဒီနှစ်လာမရောင်းရင် နောက်နှစ်တွေ ပေးမရောင်းတော့ဘူး။ နေရာကို သူများကို ပေးလိုက်မှာဆိုတော့ နေရာမပျောက်ချင်တဲ့ ဈေးသည်တွေက လက်မခံချင်ဘဲ လက်ခံကြရရော။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးကို ခေါ်တွေ့ရင်လည်း သူတို့ ပြောလာနိုင်တာက ဈေးလာရောင်းချင်သူတွေက အများစုပါ။ မရောင်းချင်သူက အနည်းစုပါလို့ ပြောလာနိုင်တယ်။ လက်မှတ်ထိုးထားတာတွေလည်း ပြလာနိုင်တယ်။ တကယ်က သူတို့က ဖိအားပေးထားလို့ ဈေးသည်တွေက ဆန္ဒမပါဘဲ လက်ခံလိုက်ရတာ။ ဒါကို မြို့နယ်အုပ်ချုပ်ရေးမှူးအနေနဲ့ အမှန်ကို သိစေချင်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမျိုး အနေနဲ့ လက်ရှိ မယ်ဆိုင်ချောင်း အခြေအနေကို ကြည့်ပြီး ဈေးသည်တွေဘက်က ရပ်တည်ပေးနိုင်ဖို့ မျှော်လင့်မိပါတယ်"ဟု အမည်မဖော်လိုသည့် နောက်ထပ် ဈေးသည်တစ်ဦးက ပြောသည်။
"ကျွန်မတို့က ဈေးပွဲကို ကန့်ကွက်တာ ဖျက်လုပ်ဖျက်ဆီးလုပ်တာတော့ မဟုတ်ပါဘူး။ မလွန်ဆန်နိုင်သူတွေအနေနဲ့ ဈေးရောင်းချင်သူတွေ ရောင်းကြပေါ့။ အဲ့လိုပဲ ဒီနှစ် အရင်းပြုတ်မှာ ကြောက်လို့ နားချင်သူတွေကိုလည်း ဆိုင်ခန်းနေရာ အပြီးသိမ်းခံရတာမျိုး မဖြစ်စေချင်ဘူး။ အခုက ဒီနှစ် လာမရောင်းရင် နောက်နှစ် နေရာ မပေးတော့ဘူးဆိုတာက အရမ်းကို အာဏာရှင်ဆန်လွန်းပြီး ဖိအားပေးခြိမ်းခြောက်ရာ ရောက်နေလို့ပါ။ ကျွန်မတို့ ကြားသလောက် အသစ်ရောက်လာတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမျိုးက သမာသမတ်ရှိသူလို့လည်း သိထားရတယ်။ သူ့ကို သွားတွေ့ပြီး အခြေအနေကို ပြောပြချင်ပေမဲ့ ကျွန်မတို့အနေအထားနဲ့က တွေ့ဖို့ လွယ်ပါ့မလားဆိုပြီး စိုးရိမ်လို့ သွား မတွေ့ဖြစ်သေးဘူး အဲ့ဒါကြောင့် သတင်းဌာနကို အကူအညီတောင်းပြီး ဒီကနေပဲ ပြောလိုက်ပါရစေ။ ကျွန်မတို့အတွက် ကူညီပေးဖို့ မေတ္တာရပ်ခံချင်တာပါ"ဟု ၎င်းက ဆက်လက်ပြောကြားသည်။
တာချီလိတ်မြို့တွင် နှစ်စဉ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့ကနေ သင်္ကြန်အပြီး မြန်မာနှစ်ဆန်း(၁)ရက်နေ့အထိ သင်္ကြန်ကာလအတွင်း၌ လွယ်တော်ခမ်း(ပုန်းထွန်)ချောင်း နှင့် မယ်ဟုတ်ချောင်းတို့တွင် စားသောက်ဈေးဆိုင်ခန်းများဖွင့်လှစ်ပြီး ပွဲဈေးအဖြစ် ပြုလုပ်လေ့ရှိသည်။
မှတ်ချက် ။ ။ သတင်းရင်းမြစ်များ၏ အမည်များကို မဖော်ပြထားခြင်းမှာ ၎င်းတို့၏ လုံခြုံရေးကို ဦးစားပေးသည့်အနေဖြင့် အမည်များ မဖော်ပြထားခြင်း ဖြစ်ပါသည်။