တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦး ဆိုင်ကယ် လုခံရပြီး တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာလည်း အပြင်းအထန် ရရှိ

တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦး ဆိုင်ကယ် လုခံရပြီး တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာလည်း အပြင်းအထန် ရရှိ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်အတွင်း၌ အမျိုးသားတစ်ဦး မောင်းလာသည့် ဆိုင်ကယ်ကို ဓါးကိုင်ဆောင်ထားသည့် လူ(၄)ဦးက တိုက်ခိုက်ပြီး လုယက်သွားမှုကြောင့် ဆိုင်ကယ် ပါသွားပြီး ထိခိုက်ဒဏ်ရာ အပြင်းထန် ရရှိခဲ့ကြောင်း သိရသည်။ 

ဆိုင်ကယ်(၂)စီးဖြင့် အနောက်ကနေ လိုက်လာသည့် လူ(၄)ဦးက ဆိုင်ကယ်ကိုလဲသွားစေရန်အတွက် အနောက်နေ လှမ်းကန်ပြီး တိုက်ခိုက်ကာ လုယက်ခြင်းဖြစ်၍ ဆိုင်ကယ်လုခံရသူမှာ ဆိုင်ကယ် လဲသွားသည့်ဒဏ်နှင့်အတူ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

"မနက် (၅)နာရီလောက်က ဆန်ဆိုင်းဟိုတယ်ရှေ့က လမ်းကြားအဝင်မှာ လုယက်ခံရတာ။ သူက အိမ်ပြန်တဲ့အချိန် အပြန်လမ်းမှာဖြစ်တာ။ လုတဲ့လူက (၄)ယောက်၊ (၄)ယောက်ထဲမှာ ပိန်ပိန်ရှည်ရှည် နဲ့ (၁)ယောက်ပါတယ်။ သူတို့က အနောက်နေ ကန်ပြီး ဆွဲလဲလိုက်ပြီး လုတာ။ သူတို့မှာ ဓါးပါတယ်။ ဓါးက (၆)လက်မလောက်ရှိတယ်။ သူတို့ထဲက ဓါးတစ်ချောင်း ကျကျန်ခဲ့တယ်။"ဟု လုယက်ခံရသူနှင့် နီးစပ်သူ တစ်ဦးက Tachileik News Agency သို့ ၂၀၂၅ခုနှစ် မတ်လ(၆)ရက်နေ့ ညပိုင်းတွင် ပြောပြသည်။



လုယက်ခံရသူ၏ မျက်နှာတစ်ခုလုံးတွင် ဆိုးရွားစွာ ထိခိုက်ဒဏ်ရာရရှိသွားသည့်အပြင် အရှိန်ပြင်းစွာ ဆိုင်ကယ်လဲချခံရမှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံးလည်း ထိခိုက်ခဲ့ရကြောင်း သိရသည်။

လုယူခံရသည့် ဆိုင်ကယ်အမျိုးအစားမှာ ၂၀၂၃ခုနှစ်ထုတ် Wave အမျိုးအစား အနက်ရောင် ဆိုင်ကယ်ဖြစ်ကြောင်း နှင့် ဆိုင်ကယ်မှာ လိုင်စင်ပါသည့် ဆိုင်ကယ် ဖြစ်ကြောင်း  သိရသည်။

တာချီလိတ်မြို့တွင် လုယက်သူများမှာ (၄)ဦးတစ်ဖွဲ့၊ (၂)ဦး တစ်ဖွဲ့ဖြင့် မြို့တွင်းကို နေ့ရော ညပါ လှည့်လည်နေသွားလာနေပြီး ၎င်းတို့၏ ပစ်မှတ်များကို ရှာဖွေကာ လုယက်ခြင်း ဖြစ်ကြောင်း သိရသည်။

"တာချီလိတ်မြို့မှာ သူတို့တွေက ပတ်သွားနေတာ။ ရဲတွေတောင် သူတို့လောက် လှည့်ကင်းမလှည့်ဘူး သူတို့က ရဲထက်  ပိုဝိရိယကောင်းပြီး ဆိုင်ကယ်နဲ့ အဖွဲ့လိုက် လှည့်ပတ်သွားလာ လုယက်နေတာ။ အခုခေတ်ကာလ အခြေအနေက ရဲကိုလည်း အားကိုးလို့ မရဘူး။ ကိုယ့်ကိုကိုယ်ပဲ အားကိုးရမဲ့ အခြေအနေမို့ မပေါ့ကျဖို့ လိုတယ်ဗျာ"ဟု ဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ခိုးဆိုးလုယက်မှုများမှာ နေ့စဉ် ဖြစ်ပွားနေဆဲဖြစ်သော်လည်း ဖမ်းဆီး နှိမ်နင်းခြင်းမရှိ၍ ဒေသခံများက တာချီလိတ်ရဲတပ်ဖွဲ့အပေါ် ဝေဖန်ပြောဆိုနေလျှက်ရှိကြသည်။