ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာ Quarantine Center တွင် ထိုင်းနိုင်ငံဘက်မှ ဇွန်လ (၁၅)ရက်နေ့က ဝင်လာသူ (၁၂၃) ဦးကို အသွားအလာ ကန့်သတ်ထားသည့် (၈) ရက်မြောက်နေ့ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့၌ (၄၅)ဦး၏ ပိုးမတွေ့ ဓာတ်ခွဲအဖြေကို ထပ်မံရရှိလာပြီဖြစ်သည်။
ဓာတ်ခွဲနမူနာတွေက (၁၈) ရက်နေ့ ညနေမှာ ရန်ကုန် NHL (အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန)ကို ရောက်တယ်။ ဒီနေ့က (၄၅)ယောက် အဖြေပါလာတယ်
ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့သို့ ဇွန်လ (၁၅)ရက်နေ့က ထိုင်းနိုင်ငံဘက်မှ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ လွတ်မြောက်လာသူ (၁၉) ဦးနှင့် မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ ပြန်ခွင့်ရသူ ပြည်တော်ပြန် (၁၀၄) ဦးတို့၏ ဓာတ်ခွဲနမူနာများကို ဇွန်လ (၁၆) ရက်နေ့က ရယူကာ ရန်ကုန်ဓာတ်ခွဲဌာနသို့ ပို့စစ်ထားရာ ဇွန်လ (၂၂)ရက်နေ့က (၁)ဦး၏ ဓာတ်ခွဲအဖြေရထားသဖြင့် စုစုပေါင်း (၄၆)ဦး၏ ပိုးမတွေ့ ဓာတ်ခွဲအဖြေရထားပြီဖြစ်သည်။
တာချီလိတ်တွင် ထိုင်းနှင့်လာအိုဘက်မှ ပြန်တော်ပြန်များအပြင် ထိုင်းနိုင်ငံဘက်၌ တရားမဝင်နေထိုင်ခြင်းအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့ ပြန်လည်လွှဲပြောင်းလာသူများကို အသွားအလာ ယာယီကန့်သတ်၍ COVID 19 စစ်ဆေးပြီးမှ နေရပ်အသီးသီးပြန်လွှတ်နေခြင်းဖြစ်သည်။
Tachileik News Agency