မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြား မယ်ဆိုင်ချောင်းဘေး တလျှောက်ရှိ မြန်မာဘက်၏ နေရာ(၃)နေရာတွင် ပြည်နယ်အစိုးရ၏ ကျပ်သန်းပေါင်း (၁,၀၀၀)ဖြင့် ကျောက်စီမြေထိန်းနံရံ တည်ဆောက်မှုကို စတင်နေပြီး ဒေသခံမဟုတ်သည့် ကုမ္ပဏီ(၂)ခုက တည်ဆောက်ခွင့် ရရှိထားကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ (၁၂)ရက်နေ့အထိ အဆိုးရွားဆုံး ရေကြီးရေလျှံ နှင့်အတူ မိုင်းဆတ်ဘက်က ရွှေတူးဖော်သည့် နုန်းမြေများမျောလာမှုကြောင့် ထိခိုက်ပျက်စီးမှုများအနက် နယ်စပ်ချောင်းဘေးရှိ နေရာ(၃)နေရာကို ကျောက်စီမြေထိန်းနံရံအဖြစ် ၂၀၂၅ခုနှစ် မတ်လ(၄)ရက်နေ့က စပြီး တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။
သံကူကွန်ကရစ် ကျောက်စီမြေထိန်းနံရံများကို ချစ်ကြည်ရေးအမှတ်(၁)တံတားဘေးတွင် ကျပ်သန်း(၁၄၀)ဖြင့် လည်းကောင်း၊ ချစ်ကြည်ရေးအမှတ်(၁)တံတားအောက် ရွှေနန်းတော်ဝန်းအတွင်းတွင် ကျပ်သန်း(၃၅၀)ဝန်းကျင်ဖြင့် လည်းကောင်း၊ အလူရာဟိုတယ်အနောက်ဘက်တွင် ကျပ်သန်း(၅၁၃)သန်းကျော်ဖြင့် လည်းကောင်း ခန့်မှန်းကုန်ကျငွေများ သတ်မှတ်ကာ တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။
နေရာ(၃)နေရာအနက် ချစ်ကြည်ရေးအမှတ်(၁)တံတားဘေး တာလော့ရပ်ကွက်အပိုင်း နှင့် ချစ်ကြည်ရေးအမှတ်(၁)တံတားအောက် ရွှေနန်းတော်ဝန်းအတွင်း ကျောက်စီနံရံလုပ်ငန်း လုပ်ကိုင်ခွင့်ကို အာဏာသိမ်း စစ်ခေါင်းဆောင်၏ ဇနီးနှင့် နီးစပ်သူ ဦးအောင်မျိုးမင်းဒင်၏ မင်းဒင်ကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိပြီး ကျန်နေရာကို ရိုးမအလင်းတန်းကုမ္ပဏီ က လုပ်ကိုင်ခွင့်ရရှိခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံ့အာဏာသိမ်းခံထားရပြီး မကြာမီတွင် ဦးအောင်မျိုးမင်းဒင်၏ မင်းဒင်ကုမ္ပဏီက ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း၌ ကျိုင်းတုံတွင် ရှမ်းတိုင်းရင်းသားများ၏ အစားထိုး ကျိုင်းတုံဟော်နန်းအသစ် ပြန်လည် တည်ဆောက်မှုကို လုပ်ပိုင်ခွင့်ရရှိခဲ့သလို တာချီလိတ်မြို့တွင်လည်း ထိုင်းလုပ်ငန်းရှင် ရီဂျီးနားအုပ်စုက လုပ်ကိုင်နေသည့် ဂေါက်ကွင်းကိုလည်း စစ်တပ်၏ အရှိန်အဝါဖြင့် သိမ်းယူပြီး လုပ်ပိုင်ခွင့်ရရှိကာ "မဟာရွှေတြိဂံဂေါက်ကွင်း"ဟု အမည်ပြောင်းကာ လုပ်ကိုင်ခွင့်ရရှိထားသည်။
"ဒီချောင်းဘေး ကျောက်စီမြေထိန်းနံရံ ပြုလုပ်ဖို့ တင်ဒါအောင်တယ်လို့တာ ပြောတယ်။ ဒေသခံ ဆောက်လုပ်ရေးကုမ္ပဏီတွေ တော်တော်များများ ဒီ တင်ဒါကိစ္စကို မသိလိုက်ကြဘူး။ သူတို့က လူသိရှင်ကြားလည်း ကြေငြာတာ မဟုတ်ဘူး။ ဒေသခံမဟုတ်တဲ့ ကုမ္ပဏီ(၂)ခုက လုပ်ကိုင်ခွင့်ရတယ်ဆိုတာကို တည်ဆောက်ဖို့ ရက်ပိုင်းအလိုမှ သိရတာ။ တာချီလိတ်မှာ ဘာအရေးပဲ ကြုံကြုံ ဒေသခံ လုပ်ငန်းရှင်တွေကပဲ စက်အင်အား လူအင်အားတွေ ငွေအင်အားတွေ ကူရတာ။ စည်ပင်နဲ့အခြားဌာနတွေလည်း အားလုံးသိသာမြင်သာဖြစ်စေမဲ့ နေရာတွေကနေ ကြေငြာတာများမလုပ်ဘဲ သူတို့ရုံးမှာပဲ စာကပ်လေ့ရှိကြတယ်။ စာကပ်တာက ရုံးကို ကိစ္စရှိလို့ သွားမှပဲ တွေ့မှာ မဟုတ်လား။"ဟု ဒေသခံ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက Tachileik News Agency သို့ ပြောသည်။
ယခု စတင်၍ သံကူကွန်ကရစ် ကျောက်စီမြေထိန်းနံရံများ လုပ်ဆောင်နေသည့် နေရာများသည် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှု အဆမတန်ဖြစ်ပွားလာပါက ရေများမှာ နံရံကို ကျော်လွန်ပြီး လျှံလာလေ့ရှိသလို ရေအားပြင်းထန်လွန်ပါကလည်း မြေထိန်းနံရံများ ကျိုးကျပျက်စီးသည်အထိ ဖြစ်ပွားလေ့ရှိသည်။
Photo: Chiangrai Public Relation Offilce