မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ အထက(ဟောင်လိတ်)ကျောင်းရှေ့တွင် သစ်သီးရောင်းနေသည့် အမျိုးသမီးထံမှ ရွှေဆွဲကြိုး လုယက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)ရှေ့ရှိ သစ်သီးဆိုင်သို့ အမည်မသိ လူငယ်(၂)ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သစ်သီးရောင်းချနေသည့် အသက်(၃၄)နှစ်ဝန်းကျင်ရှိ မအိထံမှ ရွှေဆွဲကြိုးကို လုယူပြီး သေနတ်ဖြင့် (၁)ချက် ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့ ည(၉)နာရီ ဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မအိ၏ ရင်ဘတ်တွင် ထိမှန်သွား၍ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
"သေနတ်နဲ့ပစ်သွားတော့ ရင်အုံကို ရှပ်ထိပြီး လက်ဖျံ့ ဖောက်ဝင်သွားတဲ့ ဒဏ်ရာရသွားတယ်။ မြင်တွေ့ရသူတွေပြောတာကတော့ လူငယ် နှစ်ဦး စီးလာတဲ့ ဆိုင်ကယ်အမျိုးအစားကတော့ Zommer X အနီဖြူလို့ ပြောတယ်။ ဒီနေ့အထိတော့ သူတို့ကို ဖမ်းမိတယ်လို့တော့ မကြားသေးဘူး"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် ပြောသည်။
တာချီလိတ်မြို့တွင် ယနေ့ ဖေဖော်ဝါရီလ(၂၃)ရက်နေ့ကူး နံနက်(၁)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်ကလည်း ဆိုင်ကယ်မောင်းလာသူအား လမ်းတွင် ဓါးပြတိုက်ကာ ဆိုင်ကယ် လုယက်သွားသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။