တာချီလိတ်ရှိ အမှတ်(၁)တံတားပေါ်တွင် လဝက က အမျိုးသမီးငယ်များ နှင့် ဒေသခံမဟုတ်သူများအပေါ် လိုအပ်တာထက် ပိုရစ်နေကာ အကြောင်းအမျိုးမျိုး ပြပြီး ငွေကြေးတောင်းရန် လုပ်ဆောင် 

တာချီလိတ်ရှိ အမှတ်(၁)တံတားပေါ်တွင် လဝက က အမျိုးသမီးငယ်များ နှင့် ဒေသခံမဟုတ်သူများအပေါ် လိုအပ်တာထက် ပိုရစ်နေကာ အကြောင်းအမျိုးမျိုး ပြပြီး ငွေကြေးတောင်းရန် လုပ်ဆောင် 
ဖေဖော်ဝါရီ 21, 2025 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်နှင့်မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်တွင် အမျိုးသမီးငယ်များနှင့် ဒေသခံ မဟုတ်သူများကို ငွေကြေးတောင်းခံလို၍ လဝက က လိုအပ်တာထက် ပို၍ ရစ်နေမှုများကြောင့် ခရီးသွားပြည်သူများမှာ စိတ်အနှောက်အယှက် ဖြစ်နေကြရကြောင်း သိရသည်။

"မယ်ဆိုင်ဘက်ကို အားတုန်း ဈေးသွားဝယ်မယ်ဆိုပြီး သွားတဲ့အချိန် တံတားပေါ် ဝင်ဝင်ချင်း တုံးထုပေးတဲ့နေရာမှာ လဝက အမျိုးသား (၂)ဦးက ကောင်မလေး (၂)ယောက်ကို ရစ်နေတာ ကိုယ်တွေ့ တွေ့ခဲ့ရတယ်။ အချိန်အားဖြင့် နေ့လည်(၁၂)နာရီခွဲလောက်ကပါ။ ကောင်မလေး နှစ်ယောက်ကို ဘယ်ကလဲ တာချီလိတ်ကို ဘယ်တုန်းက ရောက်တာလဲ အရင်တုန်းကရော လာဖူးလား ဘာညာမေးပြီး မှတ်ပုံတင် သိမ်းသွားတယ်"ဟု မြင်တွေ့ခဲ့ရသည့် အမျိုးသမီးကပြောပြသည်။

 "တကယ်တော့ အဲ့ဒီ ကောင်မလေး (၂)ယောက်က ရိုးရိုးအေးအေး ပုံစံပဲ။ မသိရင် ပြစ်မှုကျူးလွန်ထားတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံခံရတာကို တွေ့ရတယ်။ မှတ်ပုံတင်ကိုလည်း ပြန်ပေးလိုက်လို့ရတာကို အပြန်မှ ဝင်ယူဆိုပြီး ပြောတယ်။"ဟု ၎င်းက ဆက်လက် ပြောပြသည်။

တာချီလိတ်လဝကများက တံတားပေါ်တွင် မယ်ဆိုင်ဘက်သို့ သွားမည့်သူများထဲက ဒေသခံမဟုတ်သူများနှင့် တိုင်းရင်းသားများ အပါအဝင် အမျိုးသမီးငယ်များကို ရစ်သည့် လုပ်ရပ်များမှာ အဖြစ်များနေပြီး ဒေသခံများတောင် စိတ်အနှောက်အယှက်ပေးမှုများ ရှိနေကြောင်း သိရသည်။

"ကမ်းကူးတဲ့ ကတ်ရှိပြီး ကူးနေကျ ဖြစ်နေတာတောင် ကျွန်တော်တို့ကိုလည်း  ရစ်ချင်တဲ့ ပုံစံဖြစ်နေတယ်။  ကျွန်တော်တို့လဲ ခပ်တင်းတင်း မေးတာပြန်ဖြေတာတစ်ကြောင်း ယောကျာ်းလေးတွေ ဖြစ်တာရယ်ကြောင့်သာ ပုံမှန်အတိုင်းသွားလို့ ရခဲ့ပါတယ်။" ဟု အမျိုးသားတစ်ဦးက  Tachileik News Agency သို့ ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် ပြောသည်။

"သူတို့တွေက ခေတ်မကောင်းလေ လုပ်စားလေပါပဲ။ အရင် ရန်ကုန်လေဆိပ်မှာတုန်းကလည်း ဒီလိုပဲ ခြိမ်းခြောက်ငွေညစ်တောင်းခံတာမျိုး ကိုယ်တွေ့ ကြုံဖူးနေတော့ သူတို့အကြောင်းကို သိနေပြီးသား။ သူတို့တွေ အခုလို နည်းအမျိုးမျိုးနဲ့ လုပ်စားနေတာလည်း တစ်တိုင်းပြည်လုံးမှာပါဘဲ တစ်တိုင်းပြည်လုံးလဲ သိပြီးသားပါဘဲ။"ဟု ၎င်းက ဆက်လက် ပြောပြသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားတွင် ဌာနဆိုင်ရာများ၏ လုပ်ရပ် မမှန်မကန်မှုများကို ဓါတ်ပုံ နှင့် ဗီဒီယိုမှတ်တမ်းများ ရယူမည်ကို ကြောင့်လန့်၍ ဓါတ်ပုံနှင့်ဗီဒီယိုမရိုက်ရန် စာများကပ်ထားပြီး တွေ့ရှိပါက ဖုန်းသိမ်းသည့် ဖြစ်စဉ်များလည်း ရှိကြောင်း သိရသည်။

"တံတားပေါ်မှာ ပုံနဲ့ဗီဒီယိုမရိုက်ဖို့ အသိပေးထားတာရှိတယ်။ မယ်ဆိုင်ဘက်မှာတော့အဲ့လို ကန့်သတ်ထားတာမျိုး မလုပ်ပေမဲ့ မြန်မာဘက်ကတော့ သူတို့ မတရားလုပ်တာ ငွေညစ်တာတွေကို ပေါ်လွင်မှာဆိုးလို့ ထင်တယ် တားမြစ်ထားတယ်။ ပုံရိုက်တာတွေ့ရင်လည်း ဖုန်းပါသိမ်းတာရှိသေးတယ်။ အသိတစ်ယောက်ဆို တံတားပေါ်မှာ လူတွေတန်းစီပြီး လူအရမ်းများနေတာကို ပုံရိုက်လို့ဆိုပြီး ဖုန်းသိမ်းခံရတယ်။ သိမ်းခံရတဲ့ ဖုန်းကု  ဘတ်(၁,၀၀၀)နဲ့ ပြန်ရွေးရတယ်။ အဲ့လောက်ကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာ"ဟု ဒေသခံ တစ်ဦးက ပြောပြသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားတွင် လဝက၏ ငွေတစ်ခုတည်းကိုသာ ကြည့်မှုကြောင့် ယခုကထက် ယခု အာဏာသိမ်းကာလအတွင်း၌ လဝက၏ ပုံရိပ်မှာ ကျဆင်းနေပြီး ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအဖို့ စိတ်အနှောက်အယှက်များစွာ ဖြစ်နေကြရကြောင်း သိရသည်။