လက်တွဲကူညီ AAC မဟာမိတ်အဖွဲ့ ရုံးခန်းပိတ်ရန် ထိုင်းအာဏာပိုင်များ အမိန့်ပေး

လက်တွဲကူညီ AAC မဟာမိတ်အဖွဲ့ ရုံးခန်းပိတ်ရန် ထိုင်းအာဏာပိုင်များ အမိန့်ပေး
ဖေဖော်ဝါရီ 19, 2025 | အလုပ်သမားရေးရာ

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခက်အခဲများကို ကူညီဆောင်ရွက်ပေးနေသည့် လက်တွဲကူညီ AAC မဟာမိတ်အဖွဲ့၏ ရုံးခန်းကို ထိုင်းအာဏာပိုင်များက ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့က စစ်ဆေးပြီး ရုံးပိတ်သိမ်းရန် အမိန့်ပေးသည်ဟု သိရသည်။

စမွတ်စခွန်း ဒုမြို့နယ်မှူး၊ နယ်မြေခံရဲနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့က ACC ရုံးခန်းသို့ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ကာ ရုံးတွင်ရှိသူများကို ဒဏ်တပ်၍ ရုံးပိတ်သိမ်းရန် ပြောသည်ဟု ဆိုသည်။

“အခုအချိန်မှာတော့ မလုပ်သင့်ဘူးပေါ့။ မြန်မာပြည်သားတွေ ဒုက္ခတွေရောက်နေတယ်။ ဒီမှာရှိနေတဲ့ အလုပ်သမားတွေဆိုရင်လည်း အလုပ်ရှင်က မောင်းထုတ်လိုက်တဲ့သူတွေ၊ ပြီးတော့ ထိုင်းကို MoU စနစ်နဲ့ခေါ်လာပြီးတော့ အလုပ်မရဘဲ ကြုံရာနေရာမှာ ပြစ်ခံထားရတဲ့အလုပ်သမားတွေ၊ နစ်နာကြေးတွေမပေးဘူး၊ သွားတိုင်တော့လည်း အမှုတွေက ကြံ့ကြာနေတယ် ဒီလိုဖြစ်စဉ်နဲ့ အလုပ်သမားတွေလည်း ပိုပြီးအခက်အခဲဖြစ်စေတယ်။”ဟု ACC မှ ကိုရဲမင်း က Tachileik News Agency ကိုပြောသည်။

ထိုင်းအာဏာပိုင်များသည် ACC ရုံးခန်းကို ယခုတစ်ကြိမ်နှင့်ဆိုပါက (၃)ကြိမ်မြောက် လာရောက်ပိတ်သိမ်းခိုင်းခြင်းဖြစ်ပြီး ဖမ်းဆီးစစ်ဆေးခြင်းများလည်း မကြာခဏပြုလုပ်သည်ဟု ဆိုသည်။

သို့သော်လည်း AAC မဟာမိတ်အဖွဲ့အနေဖြင့်  ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကို ဆက်လက်ကူညီမည်ဟု ဆိုသည်။ 

AAC မဟာမိတ်အဖွဲ့သည် ထိုင်းအစိုးရထံမှ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသဖြင့် ရုံးပိတ်သိမ်းရန် အမိန့်ပေးခြင်းဖြစ်ပြီး တရားဝင်မှတ်ပုံတင်သော်လည်း ထိုင်းအာဏာပိုင်များက ခွင့်မပြုပေးခဲ့ဟု သိရသည်။ 

ထို့အပြင် ထိုင်းအာဏာပိုင်များသည် ရုံးသို့လာရောက်တိုင်ကြားနေသည့် မြန်မာလုပ်သား(၁၀၀)ကျော်၏ အထောက်အထားများကိုလည်း စစ်ဆေးမှုပြုလုပ်သွားကာ AAC တွင် လာရောက်ခိုလှုံနေသော အထောက်အထားရှိသူများကို နေရပ်လိပ်စာပြောင်းလဲကြောင်း အကြောင်းမကြားထားသည့်အတွက် ပတ်စပို့နှင့် နေထိုင်ခွင့် လက်မှတ်များကို သိမ်းဆည်းသွားပြီး တစ်ဦးလျှင် ဘတ်(၄,၀၀၀)စီနှင့် အိမ်ရှင်က ဘတ်(၁,၆၀၀)ပေးဆောင်မှ အဆိုပါ အထောက်အထားများ ပြန်လည်ရရှိမည်ဟု ဆိုသည်။

AAC မဟာမိတ်အဖွဲ့အနေဖြင့် ယခုကဲ့သို့ အခက်အခဲများကြားမှ ထိုင်းရောက်ရွှေ့ပြောင်းမြန်မာ အလုပ်သမားအရေးကို (၁၀)နှစ်ကျော်ကြာ ကူညီပေးခဲ့သည်။

လက်ရှိတွင် ထိုင်းနိုင်ငံတွင် အများပြည်သူ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံခြားသားများ၏ အပြုအမူများကို ရဲတပ်ဖွဲ့ဝင်များအနေဖြင့် စောင့်ကြည့်ကြပ်မတ်ရန် ရဲတပ်ဖွဲ့အကြီးအကဲ Kitrat Panphet က ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း အများပြည်သူဆိုင်ရာ ကျင့်ဝတ်ဖောက်ဖျက်ခြင်း၊ အများပြည်သူအား အနှောင့်အယှက်ဖြစ်စေခြင်း၊ ထိုင်းနိုင်ငံ၏ ပုံရိပ်နှင့် လုံခြုံရေးကို အပျက်သဘောဆောင်သည့် သို့မဟုတ် ဥပဒေချိုးဖေါက်သည့် အပြုအမူများပြုလုပ်ကြသည့် နိုင်ငံခြားသားများရှိနေသည်ဟု အဆိုပါ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency

Photo:AAC ရုံးခန်းကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ ဝင်ရောက် စစ်ဆေးစဥ်